MySport Myanmar

ဘိုင်ယန်မြူးနစ် ကစားသမားကို ခေါ်ယူသွားနိုင်တော့မယ့် နော်တင်ဟမ်ဖောရက်စ်

ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဆီကို တန်းတတ်လာခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းဟာ လတ်တလောမှာ ကစားသမား အင်အားဖြည့်တင်းမှုတွေကို လုပ်ဆောင်လျက် ရှိနေပြီး လက်ရှိမှာဆိုရင် ဘိုင်ယန်မြူးနစ်အသင်းရဲ့ wing-back ကစားသမား အိုမာရစ်ချတ်ကို ပြောင်းရွှေ့ကြေး ယူရို(၁၀)သန်းနဲ့ပါ ခေါ်ယူသွားနိုင်ဖို့ နီးစပ်နေပြီလို့ သိရှိရပါတယ်။

Photo Credit : Eurosport

အသက်(၂၄)နှစ်အရွယ်ရှိ အင်္ဂလန်ဘယ်နောက်ခံကစားသမား ရစ်ချတ်ဟာ လန်ဒန်မြို့မှာ မွေးဖွားသူဖြစ်ပြီး အသက်(၁၀)နှစ်သားကတည်းက လန်ဒန်အခြေစိုက်ကလပ် ဖူလ်ဟမ်အသင်းရဲ့ လူငယ်အကယ်ဒမီမှာ ပါဝင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ရက်ဒင်းအကယ်ဒမီကို ပြောင်းရွှေ့လာပြီး ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ ရက်ဒင်းနည်းပြအဖြစ် ဆောင်ရွှက်နေတဲ့ မန်ယူကစားသမားဟောင်းကြီး ဂျက်စတမ်းက ရစ်ချတ်ကို ရက်ဒင်းစီနီယာအသင်းမှာ စတင်ကစားခွင့်ပေးခဲ့ရာကနေ အသင်းအတွက် (၄)ရာသီဆက်တိုက် ပါဝင်ခွင့်ရခဲ့ပြီး ပွဲပေါင်း (၁၀၄)ပွဲအထိ ကစားပေးနိုင်ခဲ့ပါတယ်။

Photo Credit : Twitter

ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ရစ်ချတ်ကို ကလပ်အသင်းများစွာ စိတ်ဝင်စားလာခဲ့ပြီး ပရီးမီးယားလိဂ်အသင်းတွေကလည်း အလိုရှိလာကြပေမယ့် ဘွန်ဒစ်လီဂါချန်ပီယံ ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်အသင်းက အင်္ဂလန်ကလပ်တွေထက် လက်ဦးမှုယူပြီး ရစ်ချတ်ကို ခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် ဘိုင်ယန်လို ဥရောပထိပ်သီး ကလပ်အသင်းကြီးမှာ နေရာရဖို့ မလွယ်ကူနိုင်ခဲ့တဲ့ ရစ်ချတ်က အသင်းကို ရောက်ရှိပြီး တစ်နှစ်အကြာမှာပဲ အင်္ဂလန်ကို ပြန်သွားရဖို့ အကြောင်းဖန်လာခဲ့ရပါတယ်။ ဘိုင်ယန်အတွက် တစ်ရာသီအတွင်း ပြိုင်ပွဲစုံ (၁၇)ပွဲလေးသာ ပါဝင်ခဲ့ရတဲ့ ရစ်ချတ်ဟာ အခုဆိုရင် သူရဲ့အမိမြေကိုပြန်ပြီး ပရီးမီးယားလိဂ်ကလပ် နော်တင်ဟမ်ဖောရက်စ်အသင်းဆီ ပြောင်းရွှေ့ရဖို့က နီးစပ်လာခဲ့ရပြီ ဖြစ်ပါတယ်။ အင်္ဂလန်မှာ မွေးဖွားခဲ့ပြီး ဘိုင်ယန်မြူးနစ်လို ဂျာမနီအင်အားကြီးကလပ်မှာ ပါဝင်နေရပေမယ့် အခုချိန်အထိ အင်္ဂလန်ရဲ့ ပရီးမီးယားလိဂ်မှာ လုံးဝမပါဝင်ဖူးသေးသူ ရစ်ချတ်ဟာ ယခင်ကတည်းက အစဉ်လာကောင်းတွေ ရှိထားခဲ့ဖူးတဲ့ နော်တင်ဟမ်အသင်းနဲ့အတူ ပရီးမီးယားလိဂ် အတွေ့အကြုံကို စတင်ရရှိဖွယ် ရှိနေပါတယ်။

Exit mobile version