ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကစားသမား တရာဗာချာလိုဘာက ချယ်လ်ဆီးလူငယ်အသင်းမှာ ဘောလုံးပညာတွေ သင်ယူနေရင်း အသင်းတချို့မှာ အငှားနဲ့ ကစားခဲ့ပြီးမှ ချယ်လ်ဆီးစီနီယာအသင်းအတွက် ကစားခွင့် ရရှိလာခဲ့ချိန်မှာ သူ့အနေနဲ့ စိတ်ပူပင်မှုတွေနဲ့ ရင်ဆိုင်လာခဲ့ရတယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။
Photo Credit : The Sun
အသက်(၂၃)နှစ်အရွယ်ရှိ အင်္ဂလန်ခံစစ်မှူး ချာလိုဘာဟာ အသက်(၈)နှစ်သား အရွယ်မှာပဲ ချယ်လ်ဆီး အကယ်ဒမီကို ဝင်ရောက်ခဲ့တာဖြစ်ပြီး ချယ်လ်ဆီးစီနီယာအသင်းအတွက် ပါဝင်ကစားခွင့် မရရှိခင်မှာပဲ အစ်ဝပ်ချ်တောင်း ဟတ်ဒါဖီးတောင်းတို့အပြင် လီဂူးကလပ် လော်ရီးယန့်အသင်းတို့မှာ အငှားကစားသမားအဖြစ် ကျင်လည်ခဲ့ရပါတယ်။ လော်ရီးယန့်ကနေ အငှားပြည့်လို့ ချယ်လ်ဆီးကို ပြန်ရောက်လာချိန်မှာ တူဟယ်လ်က ချာလိုဘာကို ချယ်လ်ဆီးအသင်းမှာ ပွဲကစားခွင့်တွေ ပေးလာခဲ့ပြီး ချာလိုဘာကလည်း တစ်ရာသီအတွင်းမှာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၃၀)အထိ ကစားခွင့် ရရှိခဲ့ပါတယ်။
Photo Credit : Football London
အသင်းအတွက် ပွဲကစားခွင့်တွေ ရရှိလာတဲ့အပေါ် ချာလိုဘာက “လူတွေက ကစားသမားတွေ ဘယ်လိုဖြတ်သန်းနေရလဲဆိုတာ မသိကြဘူး။ ကျွန်တော်တို့က သာမန်လူသားတွေပါပဲ။ သူတို့က ကျွန်တော်တို့ စူပါလူသားတွေလို့ ထင်နေကြတယ်။ တကယ်တော့ ကျွန်တော်ကလည်း ခင်ဗျားတို့နဲ့ အတူတူပါပဲ။ ပြီးခဲ့တဲ့ရာသီက ချယ်လ်ဆီးအသင်းမှာ ကစားခဲ့ရတာကို ကျွန်တော် သတိရမိပါတယ်။ ရာသီအစတုန်းကတော့ ကျွန်တော် စိုးရိမ်ပူပန်တွေ ခံစားခဲ့ရတယ်။ ကလပ်အသင်းကြီး တစ်သင်းအတွက် ကစားပေးရတာ အပတ်တိုင်း ပရိသတ်(၄)သောင်းအရှေ့မှာ ကစားရတာ အရမ်းကောင်းပါတယ်။ ဒါပေမယ့် မနှစ်က ချန်ပီယံလိဂ်ဖလားကို ရရှိခဲ့တဲ့ ကျွန်တော်ရဲ့ ငယ်ဘဝ အသင်းမှာ ကစားရတာက ခြားနားမှု ရှိပါတယ်။ ပြီးခဲ့တဲ့ ရာသီအစ ပထမတစ်ပတ် ဒါမှမဟုတ် ပထမလအတွင်း အတော် ခက်ခဲခဲ့ရတယ်။ အဲ့ဒီနောက်မှာတော့ ကျွန်တော် ဒါကို ဖြတ်ကျော်နိုင်ခဲ့တယ်။ မိသားစုတွေနဲ့ စကားပြောတာ လူတွေနဲ့ စကားပြောရာကနေ ကျွန်တော့်အတွက် ကောင်းမွန်တဲ့ ပံ့ပိုးမှုတွေ ရှိလာခဲ့တယ်။ ကျွန်တော်က မိသားစုနဲ့ အရမ်း ရင်းနှီးတယ်။ အမြဲတမ်း ရင်းရင်းနှီးနှီး ရှိပါတယ်။ အမြဲတမ်းလည်း စကားပြောဖြစ်ပါတယ်” တယ်လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ချာလိုဘာဟာ ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ (၈)ပွဲ ကစားခွင့်ရခဲ့ပြီး ချယ်လ်ဆီးရဲ့ နောက်ဆုံးကစားခဲ့တဲ့ (၇)ပွဲဆက်တိုက် ပါဝင်ကစားခဲ့ရပါတယ်။