ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်တဲ့ ဟယ်ရီ မက်ဂွိုင်းယားကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ နောဝှစ်ကို အသာစီးရဖို့ ရုန်းကန်ခဲ့ရတဲ့ အကြောင်းအရင်းတွေနဲ့ ပတ်သတ်ပြီး သူ့ရဲ့ ထင်မြင်ချက်တွေကို ပွဲအပြီးမှာ ထုတ်​ေ​ဖာ် ပြောဆိုသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ ယမန်နေ့ည ၁၁နာရီအချိန်မှာ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် နောဝှစ်အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပြီး ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် အမှတ်မထင် ချေပဂိုး ပြန်ပေးခဲ့ရတာကြောင့် ပွဲချိန် မိနစ် ၉၀အတွင်းမှာ သရေကျနေခဲ့ပြီး အချိန်ပို မိနစ် ၃၀ ကို ထပ်မံကန်ခဲ့ရကာ မက်ဂွိုင်းယားရဲ့ အရေးပါတဲ့ အနိုင်ဂိုးကြောင့်သာ ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့တာပါ။

Photo Credit: Sky Sports

နောဝှစ်အသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ အဝေးကွင်းပွဲစဉ်မှာ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ရှက်ဖီးလ်အသင်းကို အနိုင်ရခဲ့တဲ့ လူစာရင်း ကနေ သုံးဦးကိုသာ ပြန်လည် သုံးစွဲခဲ့ပြီး အသင်းရဲ့ အရန်ကစားသမားတွေနဲ့သာ ပွဲထွက်လာခဲ့ပါတယ်။ နောဝှစ်အသင်းဘက်ကတော့ ပွတ်ကီ ၊ ကန့်ဝဲလ် စတဲ့ အဓိက ကစားသမားတွေကို သုံးစွဲ လာခဲ့ပြီး မန်ယူအသင်းကို အံတုဖို့ ကြိုးစားခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ နှစ်သင်းစလုံး ဟာ ကောင်းမွန်တဲ့ ခြေစွမ်းကောင်းတွေကို မရခဲ့ပဲ ကွင်းလယ်မှာသာ ဘောလုံးအပျက်များ နေခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ပထမပိုင်းမှာ သွင်းဂိုးတွေ မြင်တွေ့ခဲ့ရခြင်း မရှိပဲ ဒုတိယပိုင်း ရောက်မှသာ သွင်းဂိုးတွေကို မြင်တွေ့ခဲ့ရတာပါ။ မန်ယူအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၅၁မိနစ်မှာ တိုက်စစ်မှူး အစ်ဟာလိုက သွင်းယူ ပေးခဲ့တာ ဖြစ်ပြီး ၇၁မိနစ်မှာတော့ နောဝှစ် အသင်းဘက်က ချေပဂိုးကို ပြန်လည် ရရှိခဲ့ပြီး အသင်းရဲ့ အဓိက ကစားသမား ကန့်ဝဲလ်က အဝေးကန်ချက် တစ်ခုနဲ့ သွင်းယူပေးခဲ့တာပါ။

Photo Credit: Sky Sports

အဲ့ဒီနောက် သာမန်ပွဲကစားချိန် မိနစ်၉၀ ပြည့်တဲ့ အချိန်အထိ တစ်ဂိုးစီ သရေရလဒ်သာ ထွက်ပေါ်နေခဲ့ပြီး အချိန်ပို မိနစ်၃၀ ကစားရာမှာတော့ မန်ယူအသင်းခေါင်းဆောင် မက်ဂွိုင်းယား က ပွဲချိန် ၁၁၈မိနစ်မှာ အရေးပါတဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။ နောဝှစ်နဲ့ပွဲမှာ ဖြစ်ပေါ်ခဲ့တဲ့ အသင်းရဲ့ အားနည်းချက်တွေနဲ့ ပတ်သတ်ပြီး မက်ဂွိုင်းယားက ” ကျွန်တော်တို့ဟာ နိုင်ပွဲရရှိမယ့် နည်းလမ်းကောင်းတစ်ခုကို ရှာတွေ့ခဲ့ပြီး အဆုံးသတ်မှာတော့ ဆီမီးဖိုင်နယ် ကို တက်ရောက်နိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ပွဲကောင်းတစ်ပွဲ ကစားခဲ့ရတာကြောင့် ဒီနေ့ပွဲစဉ်မှာ ပြောင်းလဲမှု အများအပြားကို လုပ်ဆောင်ခဲ့ကြရပါတယ်။ ဒီတော့ ကျွန်တော်တို့ဟာ ပိုပြီး လန်းဆန်းသင့်ပါတယ်။ လက်ရှိအချိန်မှာတော့ အဲ့ဒီအချက်ကို လက်ညှိုးထိုးပြီး မပြောချင်တော့ပါဘူး။ ဒီပွဲ နောက်ထပ် တစ်ကြိမ် ပြန်ကြည့်ပြီး ဘာလုပ်ရမလဲဆိုတာ လေ့လာသွားမှာပါ။ ကျွန်တော်တို့အသင်းဟာ အနည်းငယ် နှေးကွေးခဲ့ပြီး ကွင်းလယ်မှာပဲ အတော်များများ ကစားခဲ့ပါတယ်။ အထူးသဖြင့် ဆယ်ယောက် ပိတ်ထားတဲ့ ခံစစ်ကို ထိုးဖောက် နိုင်ဖို့အတ​ွက် ကျွန်တော်တို့ဟာ တောင်ပံတွေကို ဘောလုံးဖြန့်ပြီး ကစားခဲ့သင့်ပါတယ်။ အဆုံးမှာတော့ ကျွန်တော်တို့ဟာ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိခဲ့ပါပြီ။ ဒါကပဲ အရေးအကြီးဆုံး အရာပါ ” လို့ ပြောကြားသွားခဲ့တာပါ။