လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာရှိလို့နေတဲ့ နော်ဝစ်ချ်စီးတီးအသင်းရဲ့ နောက်ခံကစားသမား မက်စ်အာရွန်ဟာ ပရီးမီးယားလိဂ် အသင်းပေါင်းများစွာရဲ့ စိတ်ဝင်စားမှုကို ရရှိအောင် ကစားနိုင်ခဲ့ပေမယ့်လည်း သူ့အသင်းကို ချန်ပီယံရှစ်ဆီ ပြန်လည်မရောက်သွားအောင်ကိုတော့ မနည်းကြိုးစားရုန်းကန်နေရပြီး လာမယ့်ပွဲတွေမှာလည်း ရလဒ်တွေ စုဆောင်းနိုင်အောင် အသည်းအသန်ကြိုးစားရတော့မှာဖြစ်ပါတယ်။ ဒီလူငယ်ကစားသမားလေးက ဒီနှစ်မှ ပရီးမီးယားလိဂ်မှာ စတင်ပွဲဲထွက်ခဲ့ရတာဖြစ်ပြီး သူရင်ဆိုင်ခဲ့ရတဲ့ ထိပ်တန်းကစားသမားတွေထဲကမှ သူ့အတွက် အခက်ခဲဆုံးကစားသမားတစ်ယောက်ကို ရွေးချယ်ပေးသွားခဲ့ပါတယ်။

Photo Credit : Getty Images

ဒီကစားသမားကတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲဲ့ အဓိကတိုက်စစ်ကစားသမားဖြစ်တဲ့ မားကပ်ရပ်ဖိုဒ့်ပဲဖြစ်ပါတယ်။ အသက်၂၀အရွှယ် အင်္ဂလန်နောက်ခံအစွန်လူလေး မက်စ်အာရွန်က ဒီရာသီမှာ မာနေး ဆွန်ဟောင်မင် အိုဇေးတို့လို ကစားသမားကောင်းတွေနဲဲ့ ထိပ်တိုက်ရင်ဆိုင်ခဲဲ့ရပေမယ့်လည်း ယူနိုက်တက်တိုက်စစ်မှူး ရပ်ဖိုဒ့်သာ သူ့အတွက် အခက်ခဲဆုံးပြိုင်ဘက်တစ်ဦးဖြစ်တယ်လို့သာ သတ်မှတ်သွားခဲ့ပါတယ်။ အာရွန်ဟာ ဒီရာသီမှာ ရပ်ဖိုဒ့်နဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ၂ကြိမ်ထိ တွေ့ဆုံခဲ့ရာ အဲ့ဒီ၂ကြိမ်လုံးကို အာရွန်ရဲ့နော်ဝစ်ချ်အသင်းက အရှံးပေးခဲ့ရသလို ရပ်ဖိုဒ့်ကလည်း အဲ့ဒီပွဲတွေအတွင်းမှာ သွင်းဂိုး၃ဂိုးတောင် ရယူနိုင်ခဲ့ပါတယ်။

Photo Credit : Bongda

မက်စ်အာရွန်က “ကျွန်တော်အနေနဲ့ တကယ့်ကို အကောင်းဆုံးကစားသမားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတာပါ။ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ချိန်တုန်းကတော့ အဲ့ဒီပွဲမှာ ရပ်ဖိုဒ့်က အကောင်းဆုံးကစားသမား ဖြစ်ခဲ့ပါတယ်။ နောက်ပြီး ကျွန်တော်ရင်ဆိုင်ခဲ့ရတဲ့ ကစားသမားတွေထဲမှာ သူက အခက်ခဲဆုံး ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာ သေချာပါတယ်။ သူက တခြားကစားသမားတွေနဲ့မတူပဲ ပြေးအားကောင်းလွန်းသူတစ်ယောက်ပါ” လို့ ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ ရပ်ဖိုဒ့်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းအတွက် သွင်းဂိုးအများဆုံး ရယူထားနိုင်ခဲ့ပေမယ့်လည်း မကြာသေးခင်ကမှ ဝုလ်ဗ်အသင်းနဲ့ ကစားခဲ့တဲ့ အက်အေဖလား တတိယအဆင့် ပြန်ကန်ပွဲအတွင်း ဒဏ်ရာခံစားခဲ့ရလို့ လက်ရှိမှာ အနားယူနေရလျက်ရှိသလို လာမယ့်မတ်လလောက်မှသာ အသင်းအတွက် ပြန်လည်ကစားခွင့်ရနိုင်ဖွယ် ရှိနေပါတယ်။