အင်္ဂလန် ချန်ပီယံရှစ် ချန်ပီယံအနေနဲ့ ပရီးမီးယားလိဂ်ဆီ တန်းပြန်တက်လာတဲ့ နောဝှစ်ချ်အသင်း ကတော့ လာမယ့် ဘောလုံးရာသီ အတွက် ပြင်ဆင်မှုအဖြစ် ချယ်လ်ဆီးအသင်းနဲ့ စကော့တလန်အသင်းရဲ့ ကွင်းလယ်လူ ဘီလီ ဂေးလ်မားကို တရာသီအငှားနဲ့ ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရခဲ့ကြောင်း သိရပါတယ်။

အသက် ၂၀အရွယ် စကော့တလန် လက်ရွေးစင် ကွင်းလယ်လူ ဘီလီ ဂေးလ်မားဟာ ပရီးမီးယားလိဂ်ရဲ့ တက်သစ်စ လူငယ်ကြယ်ပွင့်တွေထဲက တဦး ဖြစ်ပြီး ပင်ကိုယ်ခြေစွမ်း ကောင်းမွန်ပေမယ့် လာမယ့် ဘောလုံးရာသီမှာ ကန်တီ ၊ ဂျော်ဂျင်ဟို ၊ ကိုဗာဆစ် ၊ မေဆန်မောင့်တို့နဲ့ ယှဉ်ပြိုင်ကာ နေရာလုဖို့ မဖြစ်နိုင်သေးတာကြောင့် ချယ်လ်ဆီးအသင်းဟာ သူ့ကို ပရီးမီးယားလိဂ် အသင်းတသင်းဆီ အငှားချဖို့ စီစဉ်ခဲ့တာပါ။

Photo Credit: Football London

ဂေးလ်မားကို တရာသီအငှားနဲ့ ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိပေမယ့် လူငယ် ကစားသမားတွေကို ယုံယုံကြည်ကြည်နဲ့ နေရာပေးလေ့ ရှိသလို ခြေစွမ်းတွေ ပိုကောင်းလာအောင် ပြုစု ပျိုးထောင်ပေးနိုင်တဲ့ နောဝှစ်ချ်အသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိချိန်မှာတော့ ချယ်လ်ဆီးအသင်းဟာ ဂေးလ်မားကို နောဝှစ်ချ်အသင်းထံ အငှားချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဂေးလ်မားကလည်း လူငယ် ကစားသမား များပြားတဲ့ နောဝှစ်ချ်အသင်းထံကို ပြောင်းရွှေ့ဖို့ သဘောတူခဲ့ပြီး လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ နောဝှစ်ချ်အသင်းမှာ ဂေးလ်မားဟာ ပထမ ဦးစားပေး ပွဲထွက် ကစားသမား အဖြစ် ကစားရဖွယ် ရှိကြောင်း သိရပါတယ်။

Photo Credit: Football London

နောဝှစ်ချ်အသင်းကတော့ ဂေးလ်မားကို ခေါ်ယူနိုင်ဖို့ သူ့ရဲ့ လုပ်ခလစာ အပြည့်အဝကို ပေးချေရဖို့ ရှိသလို အငှားကြေးလည်း ပေးချေရဖွယ် ရှိကြောင်း အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ပြီး တိကျတဲ့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အတည်ပြုထားပါတယ်။

နောဝှစ်ချ်အသင်းဟာ ဂေးလ်မားကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းနဲ့ရော ကစားသမားနဲ့ပါ သဘောတူညီမှု ရရှိခဲ့ပေမယ့် လက်ရှိမှာ ဂေးလ်မားဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာကြောင့် ဆေးစစ်မှုတွေ ပြုလုပ်လို့ မရသေးပဲ ဂေးလ်မားတယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုမှ ပြန်လည် သက်သာလာမှသာ ဆေးစစ်မှုကို လုပ်ဆောင်ကာ အပြောင်းအရွှေ့ကို အပြီးသတ်မှာပဲ ဖြစ်ပါတယ်။