ယခုနှစ် ဘောလုံးရာသီမှာမှ ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ဆီ တန်းတက်လာနိုင်ခဲ့သလို ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ကစားသမားသစ် အယောက် ၂၀ကျော်ကို ခေါ်ယူထားတဲ့ နော်တင်ဟမ် ဖောရက်စ်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၈ပွဲ ကစားထားပြီးချိန် ၁ပွဲနိုင် ၁ပွဲသရေ ၆ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အောက်ဆုံးကို ရောက်ရှိနေပြီး ဒီအတိုင်းသာ ဆက်သွားနေရင် ချန်ပီယံရှစ်ပြိုင်ပွဲဆီ တန်းပြန်ဆင်းရဖွယ် ရှိနေပါတယ်။

နော်တင်ဟမ် ဖောရက်စ်ရဲ့ အသင်းပိုင်ရှင်တွေက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ငွေကြေးများစွာ အသုံးပြုကာ အသင်းကို အင်အားဖြည့်တင်းခဲ့သလို ဒင်း ဟန်ဒါဆန် ၊ လင်ဂတ် ၊ အော်ရီယာ ၊ ဘိုလီ ၊ ဟန်နက်ဆီ ၊ ဂစ်ဘ်ဝှိုက် ၊ ဒန်းနစ် စတဲ့ ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ကစားသမားများကို ခေါ်ယူနိုင်ခဲ့တာကြောင့် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက နော်တင်ဟမ် ဖောရက်စ်ဟာ ဒီရာသီမှာ မထင်မှတ်ပဲ အသင်းကြီးတွေကိုပါ ဒုက္ခပေးလာနိုင်စွမ်း ရှိကြောင်း သုံးသပ်ခဲ့ကြပါတယ်။

 

Photo Credit: Football 365

ဒါပေမယ့် တကယ်တမ်း ပွဲတွေ ကစားရချိန်မှာတော့ နော်တင်ဟမ် ဖောရက်စ်ရဲ့ ကစားပုံက အတော်လေးကို ဆိုးရွားနေခဲ့ပြီး အသင်းလိုက် ကစားဟန် ပျောက်ဆုံးနေသလို ခံစစ်ပိုင်းကလည်း ပေးဂိုးတွေ ဒလဟော ခွင့်ပြုနေရပြီး တိုက်စစ်ပိုင်းကပါ သွင်းဂိုးတွေ သွင်းယူနိုင်ဖို့ ရုန်းကန်နေရပါတယ်။

ဒါကြောင့်ပဲ နော်တင်ဟမ် ဖောရက်စ်ရဲ့ ပိုင်ရှင်တွေက အသင်းရဲ့ နည်းပြဖြစ်သူ ကူးပါးကို ရာထူးကနေ ထုတ်ပယ်ဖို့ အစီအစဉ် ဆွဲနေကြပြီး ကူးပါးရဲ့ နေရာအတွက် ပရီးမီးယားလိဂ်ရဲ့ နည်းပြဟောင်းတွေ ဖြစ်တဲ့ ဘင်နီတက်ဇ် ၊ ဆိုးလ်ရှားတို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း နော်တင်ဟမ် ဖောရက်စ်နဲ့ နီးစပ်တဲ့ အမည်မဖော်လိုသူ တဦးက ဆိုပါတယ်။

Photo Credit: Football 365

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ နော်တင်ဟမ် ဖောရက်စ်ရဲ့ နံပါတ်တစ် ပစ်မှတ်ဟာ လီဗာပူး ၊ အဲဗာတန် ၊ ချယ်လ်ဆီးနဲ့ နယူးကာဆယ်တို့ရဲ့ နည်းပြဟောင်း ဘင်နီတက်ဇ် ဖြစ်ပြီး ဘင်နီတက်ဇ်ကလည်း နော်တင်ဟမ် ဖောရက်စ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားမှု ရှိနေကြောင်း သိရပါတယ်။

နော်တင်ဟမ် ဖောရက်စ်က ဘင်နီတက်ဇ်ကို ရာသီကုန် အထိ ကာလတိုစာချုပ် + ရာသီကုန်မှ စွမ်းဆောင်ရည်ကို ကြည့်ပြီး အမြဲတမ်း နည်းပြအဖြစ် ခန့်အပ်ဖို့ သဘောတူညီမှု ပါဝင်တဲ့ ကမ်းလှမ်းမှုနဲ့သာ ကမ်းလှမ်းဖို့ ရှိနေကာ ဘင်နီတက်ဇ်ဟာ နော်တင်ဟမ် ဖောရက်စ်ကို တန်းမဆင်းရအောင် စွမ်းဆောင်ပေးနိုင်ရင် မြင့်မားတဲ့ ဆုကြေးတရပ် ပေးချေဖို့ တောင်းဆိုနိုင်ကြောင်း အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။