၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နယ်သာလန်အသင်းနဲ့ အတူ လက်စွမ်းကောင်းတွေ ပြသထားနိုင်တဲ့ နော့ပတ်ကတော့ မကြာမီ ယှဉ်ပြိုင် ကစားရတော့မယ့် နယ်သာလန်နဲ့ အာဂျင်တီးနားတို့ရဲ့ ပွဲစဉ်မှာ အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီကသာ ပင်နယ်တီ ကန်ခွင့်ရခဲ့ရင် သူဟာ မက်ဆီရဲ့ ပင်နယ်တီကို ကာကွယ်ပြမယ်လို့ ကြွေးကြော်သွားခဲ့ပါတယ်။

ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းကောင်းတွေ အသီးသီး ပြသထားနိုင်တဲ့ နယ်သာလန်နဲ့ အာဂျင်တီးနားတို့က ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်မှာ လာရောက် တွေ့ဆုံနေကြပြီး သူတို့နှစ်သင်းရဲ့ ပွဲကို ဒီဇင်ဘာ ၁၀ရက်နေ့ မနက် ၁နာရီခွဲ အချိန်မှာ ကျင်းပဖို့ ရှိနေပါတယ်။

Photo Credit: Al Jeezera

နယ်သာလန်နဲ့ အာဂျင်တီးနား နှစ်သင်းစလုံးက ခြေစွမ်းချင်း သိပ်မကွာလှတဲ့ အသင်းတွေ ဖြစ်ကြပေမယ့် ဘောလုံးရေးရာ သုံးသပ်သူတွေနဲ့ ဘောလုံးပရိသတ်တွေက လီယွန်နယ် မက်ဆီ ရှိနေတဲ့ အာဂျင်တီးနားကသာ နယ်သာလန်ကို အနိုင်ယူသွားလိမ့်မယ်လို့ သုံးသပ်ထားကြပါတယ်။

ဒါပေမယ့် နယ်သာလန်နည်းပြ ဗန်ဟားလ် အပါအဝင် နယ်သာလန် အသင်းသားတွေက သူတို့အသင်းဟာ အာဂျင်တီးနားကို အရှုံးပေးရလိမ့်မယ် ဆိုတဲ့ သုံးသပ်ချက်တွေကို လက်မခံကြပဲ သူတို့အသင်းဟာ အာဂျင်တီးနားကို အနိုင်ယူနိုင်စွမ်း ရှိကြောင်း ပြောကြားထားသလို နယ်သာလန်ရဲ့ နံပါတ်တစ် ဂိုးသမား နော့ပတ်ကလည်း သူဟာ မက်ဆီရဲ့ ပင်နယ်တီကို ကာကွယ်နိုင်စွမ်း ရှိကြောင်း ဆိုလာပါတယ်။

Photo Credit: Al Jeezera

နော့ပတ်က – “မက်ဆီက ကျွန်တော်တို့နဲ့ အတူတူပါပဲ။ သူဟာ လူသား တဦးပါ။ ဒါကြောင့် ကျွန်တော်က သူ့ရဲ့ ပင်နယ်တီကို ကာကွယ်ပြနိုင်ပါတယ်။ သူက အုပ်စုအဆင့်မှာလည်း ပင်နယ်တီ တကြိမ် လွဲထားပြီးပါပြီ။ ဒါကြောင့်ပဲ ကျွန်တော်က သူ့ကို တားဆီးနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

ဘောလုံးရေးရာ ကျွမ်းကျင်သူ အများစုက နယ်သာလန်နဲ့ အာဂျင်တီးနားတို့ဟာ ခြေစွမ်းချင်း သိပ်မကွာတာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူရလိမ့်မယ်လို့ သုံးသပ်ထားကြပြီး ၂၀၁၄ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်နဲ့ အာဂျင်တီးနားတို့ တွေ့ဆုံခဲ့ချိန်ကလည်း သူတို့နှစ်သင်းဟာ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရကာ အဆိုပါပွဲမှာတော့ အာဂျင်တီးနားက အနိုင်ရသွားခဲ့ပါတယ်။