မနေ့ညက ကျင်းပခဲ့တဲ့ ကိုပါအီတလီယာ ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အင်တာမီလန်အသင်းနဲ့ အေစီမီလန်အသင်းတို့က မီလန်ဒါဘီပွဲအဖြစ် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ ပြိုင်ဘက်ရဲ့ဦးဆောင်ခြင်းကို စတင်ရင်ဆိုင်ခဲ့ရတဲ့ အင်တာအသင်းက အနောက်ကနေလိုက်ကစားရင်း လူစားဝင်ကွင်းလယ်ကစားသမား ခရစ္စတီယန်အဲရစ်ဆင်ရဲ့ နောက်ကျသွင်းဂိုးနဲ့ အေစီကို (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ယူပြီး ကိုပါအီတလီယာပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တတ်ရောက်နိုင်ခဲ့ပါတယ်။

Photo Credit : Eurosport

ဒီပွဲမှာ အသင်းကို ဆီမီးဖိုင်နယ်အဆင့်ထိ တတ်ရောက်စေနိုင်မယ့်သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ အဲရစ်ဆင်ဟာ တကယ်တမ်းမှာတော့ အသင်းနဲ့ လက်တွဲဖြုတ်ဖို့ နီးစပ်နေတယ်ဆိုပြီး သတင်းမွှေးနေတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီ အခုလိုဆောင်းစျေးကွက်မှာပဲ စပါးအသင်းကနေ အင်တာကို ရောက်လာခဲ့တဲ့ ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်ကစားသမားဟာ နယ်မြေသစ်မှာ အခြေတကျဖြစ်ဖို့အတွက် ရုန်းကန်နေရပြီး အင်တာဘက်ကနေလည်း သူ့ကို အသင်းကနေ ပြန်လည်ရောင်းထုတ်ချင်နေပါတယ်။

Photo Credit : Teamtalk

အဲရစ်ဆင်ကို သူရဲ့အသင်းဟောင်း စပါးနဲ့ လက်စတာတို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေကနေ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီး အခုဆောင်းစျေးကွက်အတွင်းမှာပဲ အငှားစာချုပ်လောက်နဲ့ ကမ်းလှမ်းကြဖို့ ပြင်ဆင်လာခဲ့ကြပေမယ့်လည်း အင်တာနည်းပြ အန်တိုနီယိုကွန်တီကတော့ RAI နဲ့ အင်တာဗျူးအတွင်းမှာ အဲရစ်ဆင်အပါအဝင် ဘယ်ကစားသမားကိုမှ ရောင်းချမှာမဟုတ်ဘူးလို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ အင်တာအသင်းရဲ့ စီအီးအိုမာရော့တာက သူတို့အသင်းအနေနဲ့ အခုစျေးကွက်အတွင်းမှာ အဲရစ်ဆင်ကို အသင်းရဲ့အရောင်းစာရင်းထဲ ထည့်သွင်းဖွယ်ရှိနိုင်တယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပေမယ့်လည်း ကွန်တီကတော့ “တစ်လလောက်ကတည်းက ကျွန်တော်ပြောဆိုခဲ့သလိုပါပဲ။ ဒါက အင်တာမီလန်အသင်းရဲ့ လူစာရင်းပါပဲ။ ဘယ်ကစားသမားမှလည်း အသင်းကို ရောက်လာမှာမဟုတ်သလို။ ဘယ်ကစားသမားမှလည်း အသင်းကနေ ထွက်ခွာမှာမဟုတ်ဘူး။ ကျွန်တော်ဒါကို ပြောထားပြီးသားပါ။ ဒါကို ဘယ်သူကမှ မယုံကြည်ကြသလိုပါပဲ” လို့ပဲ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ကွန်တီရဲ့ ပြောစကားအရ အဲရစ်ဆင်အနေနဲ့ အင်တာမှာသာ ဆက်လက်ရှိနေရဖွယ် ရှိနေပြီး အခုဆောင်းစျေးကွက်ထဲမှာလည်း အသင်းပြောင်းဖို့က ဖြစ်နိုင်ခြေ နည်းလာခဲ့ရပါတယ်။ အဲရစ်ဆင်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ(၁၅)ပွဲသာ ပါဝင်ကစားထားခဲ့ရပြီး မနေ့ညက ကိုပါအီတလီယာပွဲမှာ အေစီဘက်ကို သွင်းယူခဲ့တဲ့ သွင်းဂိုးတစ်ဂိုးကိုသာ ဒီရာသီအတွက် သွင်းယူထားနိုင်ခဲ့တာဖြစ်ပါတယ်။