ပြီးခဲ့တဲ့တစ်ပတ်တုန်းက ကျင်းပဖို့ရှိခဲ့တဲ့ ဂျုဗင်တပ်စ်အသင်းနဲ့ နာပိုလီအသင်းတို့ရဲ့ အီတလီစီးရီးအေပွဲစဉ်မှာ ဧည့်သည်နာပိုလီအသင်းဘက်က အသင်းသားနှစ်ယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့အတွက် နေပယ်မြို့ရဲ့တာဝန်ရှိသူတွေနဲ့ ဒေသတွင်းကျန်းမာရေးအာဏပိုင်များက တူရင်မြို့ဆီ ခရီးနှင်ရမယ့် နာပိုလီအသင်းကို တားမြစ်ခဲ့တာကြောင့် နာပိုလီအသင်းအနေနဲ့ ပွဲကျင်းပမယ့် ဂျုဗင်တပ်စ်ရဲ့အိမ်ကွင်းဆီကို ရောက်ရှိလာခြင်းမရှိခဲ့ရတဲ့အပေါ် ဂျုဗင်တပ်စ်အသင်းဘက်ကနေ ဒေါသထွက်စွာနဲ့ ဝေဖန်ပြောဆိုလာခဲ့ပြီး ဒီလိုပြောဆိုခဲ့ခြင်းကိုလည်း အရမ်းစိတ်ပျက်မိတယ်လို့ ကန်ပန်နီးယားဒေသ အကြီးအကဲက ပြန်လည်တုန့်ပြန်လိုက်ပါတယ်။

Photo Credit : Youtube

စီးရီးအေနဲ့ အီတလီအစိုးရရဲ့ ညွှန်ကြားချက်တွေအရ အသင်းအတွင်း ကစားသမား ဒါမှမဟုတ် ဝန်ထမ်းတွေ ပိုးကူးစက်ခံနေရရင်တောင်မှ ကစားဖို့ရှိနေတဲ့ ပွဲအတွက်ပြင်ဆင်နိုင်ရမယ်ဆိုတဲ့ ညွှန်ကြားချက်ကို နာပိုလီဘက်ကနေ လွန်ဆန်ခဲ့သလို ဖြစ်နေခဲ့တဲ့အတွက် ဂျုဗင်တပ်စ်ဘက်က အတော်လေး ဒေါသထွက်ခဲ့ရသလို ဒီလိုပျက်ကွယ်မှုကြောင့် ဂျုဗင်တပ်စ်ဘက်ကို (၃)ဂိုးပြတ်နဲ့ အနိုင်ပေးဖွယ်လည်း ရှိနေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နေပယ်မြို့နဲ့ ကန်ပန်းနီးယားဒေသအကြီးအကဲဖြစ်တဲ့ ဒီလူကာက “ခရစ္စတီယာနိုရော်နယ်ဒိုလို ကစားသမားမျိုးကို ဗိုင်းရပ်စ်မကူးစက်စေခဲ့တာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို ဘယ်သူကမှ ကျေးဇူးမတင်ကြဘူး”

Photo Credit : The Indian Express

“သေချာလည်း ပြန်စဉ်စားတွေးတောကြည့်ကြပါ။ နာပိုလီအသင်းအနေနဲ့ ဗိုင်းရပ်စ်ကူးစက်ခံနေရတဲ့ ကစားသမားတွေနဲ့သာ ဂျုဗင်တပ်စ်အသင်းကို လာရောက်ရင်ဆိုင်ခဲ့လို့ ရော်နယ်ဒိုကလည်း ဗိုင်းရပ်စ်ကူးသွားပြီး တစ်ပတ်လောက် နားရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ အပြစ်မကင်းဘူးဆိုပြီး New York Times ရဲ့ ရှေ့မျက်နှာဖုံးမှာပါ ဖော်ပြခံလာရမှာ။ ကစားသမားတွေဆိုတာကလည်း ပြည်သူပြည်သားတွေပဲလေ။ ကျန်းမာရေးရှုထောက်အရဆိုရင် သူတို့အတွက်လည်း စည်းမျဉ်းစည်းကမ်းတွေက အတူတူပဲလေ။ ဒါကြောင့်လည်း နာပိုလီက ဂျုဗင်တပ်စ်အသင်းနဲ့ လာရောက်မကစားနိုင်ခဲ့တာပါ။ ဒါပေမယ့် ဂျုဗင်တပ်စ်အသင်းဥက္ကဌ အဂ္ဂနယ်လီဘက်က ပြောလာတဲ့စကားတွေကတော့ ကျွန်တော်တို့ကို နာကြင်စေရတယ်။ အဂ္ဂနယ်လီက ဘောလုံးနယ်ပယ်မှာတင် သူ့ကို ကျွန်တော်လေးစားခဲ့တာမဟုတ်ဘူး။ သူရဲ့အတွေးအခေါ်ပိုင်းတွေပါ ကျွန်တော်သဘောကျခဲ့တာ။ ကျွန်တော်အနေနဲ့ နာပိုလီကို ဂျုဗင်တပ်စ်အသင်းနဲ့ ကစားခွင့်ပေးလိုက်မယ်ဆိုရင် ကျွန်တော်ရဲ့ အားကစားအပေါ်မှာ ထားရှိတဲ့ ဂုဏ်ကျက်သရေတွေ ဆုံးရှံးသွားရလိမ့်မယ်လို့ ခံစားမိတယ်”ဆိုပြီး ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။