MySport Myanmar

အာဆင်နယ်က စီးတီးကို ကျော်ပြီး ချန်ပီယံ ဖြစ်နိုင်ကြောင်း သုံးသပ်လိုက်တဲ့ နိုဘယ်

လန်ဒန်မြို့အခြေစိုက် ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဝက်စ်ဟမ်းရဲ့ တာဝန်ရှိသူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ မက် နိုဘယ်က ယခု နွေဈေးကွက် အတွင်းမှာ ဝက်စ်ဟမ်း အသင်းခေါင်းဆောင် ဒီကလန်ရိုက်စ်ကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ အာဆင်နယ်ဟာ ရာသီသစ်မှာ မန်ချက်စတာ စီးတီးကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။

စပိန်လူမျိုး ထိပ်သီးနည်းပြ မီခေး အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ နှစ်ပေါင်းများစွာ ဝေးကွာခဲ့တဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပြန်လည် သိမ်းပိုက်နိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ရာသီကုန်ခါနီးမှာ အဓိက ကစားသမားတွေ ဒဏ်ရာရတာ ၊ ပွဲပန်းတာ စတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ပန်းဝင်ခါနီးမှ ခြေချော်ကာ မန်ချက်စတာ စီးတီးဆီ ပရီးမီးယားလိဂ် ချန်ပီယံဆု လွှဲပေးခဲ့ရတာပါ။

Photo Credit: Football 365

ဒါကြောင့်ပဲ အာဆင်နယ်ရဲ့ တာဝန်ရှိသူတွေက ရာသီသစ်မှာ ချန်ပီယံဆုကို ထပ်မံ စိန်ခေါ်နိုင်ဖို့ အတွက် အာတီတာကို အကောင်းဆုံး ထောက်ပံ့ပေးထားပြီး အာဆင်နယ်က ဒီကလန်ရိုက်စ်ကို ဗြိတိန်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ပေါင် ၁၀၅သန်း အထိ ပေးကာ ခေါ်ယူထားသလို ကိုင် ဟားဗက်ဇ် ၊ တင်းဘား စတဲ့ အရည်အသွေးမြင့် ကစားသမားတွေကိုလည်း ပြောင်းရွှေ့ကြေး များများစားစား ပေးချေကာ အမိအရ ခေါ်ယူထားနိုင်ပါတယ်။

အာဆင်နယ်က ဒီကလန်ရိုက်စ် ၊ ကိုင် ဟားဗက်ဇ် ၊ တင်းဘား စတဲ့ ထိပ်တန်း ကစားသမားတွေကို ခေါ်ယူထားနိုင်သလို ကစားသမား အထွက်ပိုင်းမှာလည်း ကွင်းလယ်လူ ချာကာ တဦးထဲကိုသာ လက်လွှတ်ထားတာကြောင့် သူတို့အသင်းရဲ့ ကစားသမား အင်အားဟာ မန်ချက်စတာ စီးတီးကို ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီလို့ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

Photo Credit: Sky Sports

ဝက်စ်ဟမ်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ မက် နိုဘယ်ကလည်း အာဆင်နယ်ဟာ မန်ချက်စတာ စီးတီးကို ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီလို့ ယုံကြည်သူတွေထဲက တဦး ဖြစ်ပြီး နိုဘယ်က အာဆင်နယ်ဟာ ရာသီသစ်မှာ မန်ချက်စတာ စီးတီးကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ကြောင်းပါ ထုတ်ဖော် ပြောဆိုလာပါတယ်။

နိုဘယ်က – “ခင်ဗျားတို့တွေ အာဆင်နယ်ရဲ့ ကစားသမား အစုအဖွဲ့ကို ကြည့်လိုက်ဗျာ။ သူတို့က အရမ်းကို ငယ်တဲ့ ကစားသမားလေးတွေပါ။ သူတို့က ငယ်တယ်။ အားကစားစိတ်ဓာတ် ပြည့်ဝတယ်။ ပြီးတော့ ပါရမီ ရှိတယ်။ အာဆင်နယ်က ရာသီသစ်မှာ အရမ်းကို ကောင်းတဲ့ အသင်း ဖြစ်လာပါလိမ့်မယ်။ အာဆင်နယ်က မန်ချက်စတာ စီးတီးကို ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပါပြီ။ ဘာကြောင့်လဲ ဆိုတော့ အာဆင်နယ်ရဲ့ ကစားသမားတွေက ပါရမီ ပါတဲ့ ကစားသမားတွေ ဖြစ်နေလို့ပါ။ ကျွန်တော်ကတော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။ သူတို့တွေက ပြီးခဲ့တဲ့ရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ အတော်လေး နီးစပ်ခဲ့သေးတယ်လေ။ မန်ချက်စတာ စီးတီးလို အရည်အသွေးမြင့် ကစားသမားတွေနဲ့ ထိပ်တန်းနည်းပြ ရှိနေတဲ့ အသင်းကို ကျော်ဖြတ်နိုင်ဖို့ ဆိုတာ အတော်လေး ခက်ခဲပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version