မနေ့ညက ဘရန့်ဖို့ဒ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ဒီရာသီရဲ့ နောက်ဆုံးသော အိမ်ကွင်းပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းဘက်က ဒီရာသီအကုန်မှာပဲ အသင်းနဲ့ စာချုပ်သက်တမ်းတွေ ကုန်ဆုံးကြတော့မယ့် နီမန်ဂျာမာတစ်နဲ့ ဟွမ်မာတာတို့ကို ပွဲထွက်လူစာရင်းမှာ ထုတ်သုံးခဲ့သလို အက်ဒီဆင်ကာဗာနီကိုလည်း ဒုတိယပိုင်းမှာ လူစားဝင် ကစားသမားအဖြစ် အသီးသီး အသုံးပြုခဲ့ပေမယ့်လည်း ဒီကစားသမားတွေလိုပဲ ဒီရာသီအကုန်မှာ သက်တမ်းကုန်တော့မယ့် ဂျက်ဆီလင်ဂတ်ကိုတော့ အရန်စာရင်းမှာသာ ထည့်သွင်းခဲ့ပြီး လုံးဝကို ပါဝင်ကစားခွင့် မရရှိခဲ့ပါဘူး။

Lukaku, Mata, Lingard and Matic | Sports jersey, Red devils, Jersey

Photo Credit : Pintrest

ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ပေါလ်ပေါ့ဘာ မာတစ် မာတာနဲ့ လင်ဂတ်တို့ဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်ပြီး မာတာနဲ့ မာတစ်တို့က အသင်းနဲ့ လက်တွဲဖြုတ်ဖို့ သေချာသလောက် ရှိနေပြီဖြစ်သလို ပေါ့ဘာနဲ့ လင်ဂတ်တို့ဟာလည်း ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း မတိုးမြှင့်ဖို့က သေချာသလောက်ကို ရှိနေရရပါတယ်။ ဒီအချိန်မှာ ပေါ့ဘာက ဒဏ်ရာရနေတဲ့အတွက် မာတစ်နဲ့ မာတာတို့ကို ဘရန့်ဖို့ဒ်နဲ့ပွဲရဲ့ ပွဲထွက်လူစာရင်းမှာ သုံးလာခဲ့ပေမယ့် အရန်စာရင်းထဲ ပါဝင်လာခဲ့တဲ့ လင်ဂတ်ကိုတော့ လုံးဝမသုံးသွားခဲ့တဲ့အပေါ် လင်ဂတ်ရဲ့ အစ်ကိုဖြစ်သူက ဒေါသပုန်ထသွားခဲ့ရပါတယ်။

Lingard's brother slams Manchester United

Photo Credit : Sportskeeda

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး လင်ဂတ်ရဲ့ အစ်ကိုဖြစ်သူက “အနှစ်(၂၀)အတွင်း သွေး ချွေး မျက်ရည်တွေနဲ့ ပြည်တွင်းဆုဖလား(၄)ခု ဖိုင်နယ်သွင်းဂိုး (၃)ဂိုး သွင်းယူထားပေးသူအတွက် နှုတ်ဆက်ပွဲတစ်ခုတောင် မရှိခဲ့ဘူး။ ဒီအသင်း နောက်နှစ် ကွန်းဖရန့်လိဂ်မှာ ကစားရမယ်ဆိုရင်တောင် အံ့အားသင့်စရာကို မရှိတာ။ အဆင့်အတန်းမရှိလို့ ပရိသတ်တွေလည်း သဘောပေါက်ဖို့ လိုပါတယ်။ သူက (၉)နှစ်သားကတည်းက ဒီအသင်းကို ရောက်ရှိလာခဲ့ပြီး တစ်ခါမှတောင် ထုတ်ပယ်ခံရခြင်း မရှိခဲ့သူပါ” လို့ ထုတ်ဖော်ရေးသားသွားခဲ့ပါတယ်။ အသက်(၂၉)နှစ်အရွှယ်ရှိ အင်္ဂလန် ကွင်းလယ်ကစားသမား လင်ဂတ်ဟာ ၂၀၁၁ခုနှစ်မှာ ယူနိုက်တက်စီနီယာအသင်းရဲ့ လူစာရင်းမှာ စတင်ပါဝင်ခဲ့ရပေမယ့် ပွဲကစားခွင့် မရခဲ့ပဲ လက်စတာ ဘာမင်ဂမ် ဘရိုက်တန် ဒါဘီကောင်တီအသင်းတွေမှာ အငှားကစားသမားအဖြစ် ဆက်တိုက်ကျင်လည်ခဲ့ပြီး ၂၀၁၅ခုနှစ်မှသာ ယူနိုက်တက်အတွက် စတင်ကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီဝက်က ဝက်စ်ဟမ်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့တဲ့ လင်ဂတ်ဟာ အခုဆိုရင် ယူနိုက်တက်နဲ့ သက်တမ်းကုန်ဆုံးဖို့က လပိုင်းလေးသာ ကျန်ရှိနေတော့ပြီး အသင်းရဲ့ သူ့အပေါ်ထားရှိနေတဲ့ အခြေအနေတွေကြောင့် အသင်းနဲ့ လမ်းခွဲဖွယ်သာ ရှိနေရပါတယ်။