အက်စတွန်ဗီလာအသင်းရဲ့ ကစားသမားဟောင်းကြီးတစ်ဦးဖြစ်တဲ့ ဒါရင်းဘန့်က လတ်တလောမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်လို့နေတဲ့ ဗီလာအသင်းခေါင်းဆောင် ဂျက်ဂရီးလစ်အနေနဲ့ ဗီလာကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့သွားမယ်ဆိုရင် လက်ရှိ ယူနိုက်တက်မှာ ခြေစွမ်းပြသလို့နေတဲ့ ပေါလ်ပေါ့ဘာနဲ့ ဘရူနိုဖာနန်ဒက်ဇ်တို့နဲ့ တွဲဖက်ကစားဖို့ ကွင်းလယ်မှာ သူ့အတွက် နေရာရှိမှာမဟုတ်ဘူးလို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။

Photo Credit : Bongda

အသက်(၂၄)နှစ်အရွှယ်ရှိ ဗီလာအသင်းရဲ့ အဓိက ကွင်းလယ်ကစားသမား ဂရီးလစ်ဟာ သူရဲ့ပရီးမီးယားလိဂ် ပွဲဦးထွက်ရာသီမှာ အထူးခြေစွမ်းကောင်းတွေ ပြသထားနိုင်လို့ ယူနိုက်တက်အသင်းရဲ့စိတ်ဝင်စားမှုကို ရရှိနေပေမယ့်လည်း ယူနိုက်တက်အသင်းဆီကို ရောက်သွားမယ်ဆိုရင်တော့ ပေါ့ဘာ ဖာနန်ဒက်စ်တို့ရှိနေတဲ့ ကွင်းလယ်ပိုင်းမှာ သူ့အတွက် နေရာမရနိုင်ဘူးလို့ ဗီလာတိုက်စစ်မှူးဟောင်းဘန့်က သုံးသပ်ပြောဆိုလာခဲ့ပါတယ်။ ဒါရင်းဘန့်က “ကျွန်တော်ကတော့ သူ့ကို ယူနိုက်တက်အသင်းမှာ နေရာမရနိုင်ဘူးလို့ပဲ မြင်မိပါတယ်။ ဘာလို့လဲဆိုတော့ ယူနိုက်တက်ရဲ့ကွင်းလယ်မှာ ပေါ့ဘာ ဖာနန်ဒက်စ်နဲ့ ဂရီးလစ်တို့ (၃)ယောက်ကို တွဲဖက်နေရာချပေးလို့မှ မဖြစ်တာ”

Photo Credit : Football365

“ကွင်းလယ်ခံစစ်ပိုင်းမှာ အားနည်းနိုင်ကုန်မှာပေါ့။ ဒါဆို ရှေ့တန်းကိုကြည့်ပြန်တော့လည်း မာစီယဲလ် ရပ်ဖိုဒ့်နဲ့ ဂရင်းဝုဒ်တို့ရှိနေလို့ တိုက်စစ်ပိုင်းမှာလည်း သူ့အတွက်က နေရာရဖို့ကလည်း မဖြစ်နိုင်ပါဘူး” လို့ talkSPORT နဲ့ အင်တာဗျူးမှာ ပြောဆိုလို့သွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းဟာ မာတစ် ပေါ့ဘာ ဖာနန်ဒက်စ်တို့ (၃)ယောက်တန်း ကွင်းလယ်ပိုင်းနဲ့ အရမ်းကို အသားကျလို့နေပြီး ခြေစွမ်းကောင်းတွေ ပြန်လည်ပိုင်ဆိုင်လာခဲ့တဲ့ မာတစ်ကိုတောင် စာချုပ်သစ် ချုပ်ဆိုခဲ့လို့ ဂရီးလစ်ကို ခေါ်ယူဖို့က ဖြစ်နိုင်ချေတောင် နည်းလာနိုင်ပါတယ်။ ဒါပေမယ့်လည်း ဂရီးလစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေမြဲဖြစ်ပြီးတော့ တကယ်လို့သာ သူရဲ့အက်စတွန်ဗီလာအသင်းသာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရမယ်ဆိုရင် ဗီလာအနေနဲ့ ဂရီးလစ်ကို Cut-Price နဲ့ပါ ရောင်းချရနိုင်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာ ဗီလာအတွက် သွင်းဂိုး(၇)ဂိုးနဲ့ ဂိုးဖန်တီးမှု (၆)ကြိမ်ပြုလုပ်ထားခဲ့တဲ့ ဂရီးလစ်ကိုတော့ လီဗာပူးလ် မန်စီးတီးနဲ့ ဒေါ့မွန်အသင်းတို့ကနေ စိတ်ဝင်စားလျက်ရှိနေသလို ကစားသမားကိုယ်တိုင်ကလည်း လာမယ့်နှစ်မှာ အသင်းပြောင်းဖွယ်ရှိနေပါတယ်။