ဘာစီလိုနာအသင်းကို (၃)ဂိုးပြတ် သွင်းယူပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ယူရိုပါလိဂ်ဆီ နှင်ထုတ်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းကို ဒီရာသီရဲ့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့ ရေပန်းအစားဆုံး အသင်းတစ်သင်းအဖြစ် ရှုမြင်နေကြတာဟာ တကယ်တော့လည်း မဆန်းကြယ်ပါဘူး။ ဘွန်ဒစ်လီဂါမှာသာ ခြေစွာနေတာမျိုး မဟုတ်ပဲ ဥရောပ ဘောလုံးစစ်မျက်နှာပြင်မှာပါ သူတို့ ဘယ်လောက်အထိ အောင်မြင်နိုင်သလဲဆိုတာ သူတို့ပြသထားတဲ့ စွမ်းဆောင်ရည်တွေကိုကြည့်ရင် သိနိုင်ပါတယ်။ ဘိုင်ယန်အနေနဲ့ ဒီရာသီမှာ ဥရောပပြိုင်ပွဲအတွင်းမှာ ဘယ်လောက်အထိတောင် စွမ်းဆောင်ထားနိုင်လဲဆိုတာကိုလည်း ဆက်လက်ဖော်ပြပေးသွားချင်ပါတယ်။

Photo Credit : Bleacher Report Twitter

ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်တွေအတွင်း ရာနှုန်းပြည့်နိုင်ပွဲတွေ ရယူနိုင်ခဲ့တဲ့ ကလပ်အသင်း (၃)သင်းရှိနေပြီး ဒီအသင်းတွေကတော့ ဘိုင်ယန် အေဂျက်စ်နဲ့ လီဗာပူးလ်တို့ ဖြစ်ပါတယ်။ ဒီအသင်း(၃)သင်းထဲမှာမှ ဘိုင်ယန်နဲ့ အေဂျက်စ်တို့က အုပ်စုပွဲစဉ်တွေအတွင်း သွင်းဂိုးအများဆုံး သွင်းယူထားကြပြီး ဘိုင်ယန်က (၆)ပွဲအတွင်း (၂၂)ဂိုးထိ သွင်းယူထားသလို အေဂျက်စ်ကလည်း (၆)ပွဲမှာ သွင်းဂိုး(၂၀)အထိ သွင်းယူထားနိုင်ပါတယ်။ ဘိုင်ယန်ရဲ့ သွင်းဂိုး(၂၂)ဂိုးမှာ အဓိကတိုက်စစ်မှူးကြီး ရောဘတ်လီဝန်ဒေါစကီးက (၉)ဂိုး သွင်းယူပေးထားနိုင်ခဲ့ပြီး ဆာနေးက သွင်းဂိုး(၅)ဂိုး နာဘရီ မူလာတို့က (၂)ဂိုး ကိုးမန်း ချူပိုမိုတင်း မူဆီအာလာတို့က (၁)ဂိုးစီ သွင်းယူထားနိုင်သလို ပြိုင်ဘက်အသင်း ကစားသမားက ကိုယ့်ဂိုးကိုယ်သွင်းမိတာကလည်း (၁)ဂိုး ရှိနေပါတယ်။

Photo Credit : Bleacher Report Twitter

ဒီလို တိုက်စစ်ပိုင်းကသာ ထက်မြက်နေတာမဟုတ်ပဲ ဘိုင်ယန်ရဲ့ခံစစ်ပိုင်းကလည်း အထင်ကြီးလောက်စရာ ကောင်းနေပါတယ်။ အုပ်စုအဆင့် ပွဲစဉ်(၆)ပွဲအတွင်း ခံစစ်ကနေ ခွင့်ပြုခဲ့ရတဲ့ ပေးဂိုး (၃)ဂိုးအထိသာ ရှိထားခဲ့ရပြီး ဘင်ဖီကာကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲရတဲ့ပွဲမှာ ခွင့်ပြုခဲ့ရတဲ့ ပေးဂိုး(၂)ဂိုး ဒိုင်နမိုကိဗ်ကို အဝေးကွင်းမှာ ရင်ဆိုင်ခဲ့ချိန် (၁)ဂိုး စုစုပေါင်း ပေးဂိုး(၃)ဂိုးသာ ခွင့်ပြုထားရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘိုင်ယန်တစ်သင်းတည်းကသာ အုပ်စုအတွင်း ပွဲစဉ်တွေအတွင်း ပေးဂိုး(၃)ဂိုးနဲ့ ခံစစ်အကောင်းဆုံး အသင်းဖြစ်နေတာမျိုး မဟုတ်ပဲ အုပ်စု(D)မှာ အုပ်စုဗိုလ်နေရာကို ပိုင်ဆိုင်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ်ကလည်း ပေးဂိုး(၃)ဂိုးနဲ့ ခံစစ်အကောင်းဆုံး အသင်းအဖြစ် ဘိုင်ယန်နဲ့အတူ ပူးတွဲရပ်တည်နေပါတယ်။ ဘိုင်ယန်အနေနဲ့ ဘာစီလိုနာ ဘင်ဖီကာတို့လို ဥရောပရဲ့ နာမည်ကျော် ကလပ်အသင်းမျိုးတွေနဲ့ တစ်အုပ်စုတည်းမှာ ကျရောက်ခဲ့ပေမယ့်လည်း အသင်းရဲ့ တိုက်စစ်ခံစစ်ကို အကောင်းဆုံးပုံစံ ပြသထားခဲ့ပြီး ပွဲတိုင်းကို အနိုင်ယူခဲ့သလို ပြိုင်ဘက်ဟောင်း ဘာစီလိုနာကိုလည်း နှစ်ကောျ့ပေါင်း (၆)ဂိုး ဂိုးမရှိနဲ့ပါ အနိုင်ယူထားပါတယ်။ အခုချိိန်မှာ အုပ်စုဗိုလ်နဲ့ နောက်တစ်ဆင့် တတ်ထားရတဲ့ ဘိုင်ယန်ဟာ ချယ်လ်ဆီး ပီအက်စ်ဂျီ အင်တာမီလန် အသက်လက်တီကို ဗီလာရီးယဲလ် စပို့တင်းလစ္စဘွန်း ဆာလ်ဇ်ဘာ့ဂ်အသင်းတွေထဲက အသင်းတစ်သင်းသင်းနဲ့ (၁၆)သင်း ရှုံးထွက်အဆင့်မှာ ထိပ်တိုက်တွေ့ဆုံရဖွယ် ရှိနေပါတယ်။