ဘာစီလိုနာအသင်းရဲ့နည်းပြဖြစ်သူ ရော်နယ်ကိုးမန်းကတော့ ပြီးခဲ့တဲ့ နွေစျေးကွက်တုန်းက အသင်းကနေ ထွက်ခွာခွင့်ပြုလိုက်ရတဲ့ အသင်းရဲ့တိုက်စစ်ကစားသမားဟောင်း လူးဝစ်ဆွာရက်ဇ်အတွက် နောင်တရမိသလိုမျိုးကို မခံစားရဘူးလို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဆွာရက်ဇ်ဟာ ဘာစီလိုနာနဲ့ လက်တွဲဖြုတ်ပြီးနောက်မှာ ဘာစီလိုနာအသင်းရဲ့ လာလီဂါပြိုင်ဘက်ဖြစ်တဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ ပူးပေါင်းခဲ့ပြီး လက်ရှိမှာလည်း အသက်လက်တီကိုအတွက် ခြေစွမ်းပြနေသူဖြစ်ပါတယ်။

Photo Credit : Goal

အသက်(၃၃)နှစ်အရွှယ်ရှိ ဥရုဂွေးလက်ရွေးစင် ဝါရင့်တိုက်စစ်ကစားသမားကြီး ဆွာရက်ဇ်ဟာ ဘာစီလိုနာမှာ လီယွန်နယ်မက်ဆီနဲ့ အကောင်းဆုံးတွဲဖက်နိုင်ခဲ့သူဖြစ်သလို အသင်းအတွက်ကိုလည်း သွင်းဂိုးတွေများစွာ အောင်မြင်မှုတွေများစွာ ရယူပေးနိုင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီလို အသင်းအတွက် စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားတစ်ယောက်ကို အသင်းကနေ အလွယ်တကူ ထွက်ခွာခွင့်ပေးလိုက်တဲ့အပြင် ကိုယ့်အသင်းရဲ့ ပြိုင်ဘက်အသင်းဆီကိုပါ ရောက်ရှိသွားစေခဲ့တာကြောင့် ဒီအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေကို အတော်လေး ရင်ဆိုင်ကြုံတွေ့ခဲ့ရပေမယ့်လည်း ဘာစီလိုနာနည်းပြ ကိုးမန်းကတော့ နောင်တရခြင်းမရှိဘူးလို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။

Photo Credit : Football Espana

ရော်နယ်ကိုးမန်းက “အသင်းကနေ ဆွာရက်ဇ်ကို ထွက်ခွာခွင့်ပြုလိုက်ရတာနဲ့ပတ်သက်ပြီး ကျွန်တော်နောင်တမရမိပါဘူး။ ကျွန်တော်က သူရဲ့စွမ်းဆောင်ရည်ပိုင်းကို အမြဲတမ်း ထုတ်ဖော်ပြောဆိုတတ်ပါတယ်။ အသိအမှတ်လည်း ပြုပါတယ်။ ဒါပေမယ့် ဒီဆုံးဖြတ်ချက်ကတော့ ကလပ်အသင်းနဲ့ ကစားသမားကြားကနေ ဖြစ်ပေါ်လာတဲ့ အရာဆိုတော့ နောင်တရမိသလိုတော့ ဖြစ်မနေပါဘူး” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းမှာ (၆)နှစ်တာလောက် ပါဝင်ကစားခဲ့တဲ့ ဆွာရက်ဇ်ဟာ ဒီနှစ်ဘောလုံးရာသီမှာတော့ သူရဲ့အသင်းသစ် အသက်လက်တီကိုအသင်းအတွက် လာလီဂါသွင်းဂိုးကို (၈)ဂိုးအထိ သွင်းယူလို့ထားပြီး လာလီဂါမှာ ဂိုးသွင်းအများဆုံးဖြစ်နေတဲ့ အက်စ်ပတ်စ် မော်ရီနိုတို့ထက် တစ်ဂိုးသာလျော့နည်းလျက် ရှိနေသလို သူရဲ့ဘာစီလိုနာအသင်းဖော်ဟောင်းတွေထက်လည်း သွင်းဂိုးပေါင်းမှာ သာလွန်လို့နေပါတယ်။ ဒါ့အပြင် ဆွာရက်ဇ်ရဲ့ အသက်လက်တီကိုအသင်းဟာ လက်ရှိအမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာမှာ ရပ်တည်နေပေမယ့် သူရဲ့အသင်းဟောင်း ဘာစီလိုနာအသင်းကတော့ ရလဒ်ပိုင်း မတည်ငြိမ်မှုတွေနဲ့အတူ အဆင့်(၆)နေရာထိတောင် ရောက်ရှိနေရပါတယ်။