မကြာခင်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို နည်းပြသစ်အဖြစ် တရားဝင် ကိုင်တွယ်သွားတော့မယ့် ဒတ်ချ်လူမျိုး ဘောလုံးနည်းပြ အဲရစ်တန်ဟက်ဂ်ကို ယူနိုက်တက်ရဲ့ အဓိက ကစားသမားကြီးဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုနဲ့ ပတ်သက်ပြီး နယ်သာလန်ဂန္တဝင် ကစားသမားကြီး ဗန်ဘက်စတန်က သတိပေး ပြောဆိုခဲ့သလို ရော်နယ်လ်ဒိုလို ကစားသမားမျိုးကို ပစ်ပယ်ထားဖို့ အကြောင်းမရှိဘူးလို့ တိုက်တွန်းလိုက်ပါတယ်။

Photo Credit : Goal

ပေါ်တူဂီ ထိပ်တန်းကစားသမားကြီးဖြစ်တဲ့ GOAT ကြီး ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ နွေစျေးကွက်ကမှ ဂျုဗင်တပ်စ်ကနေ ယူနိုက်တက်အသင်းဆီ တကျော့ပြန် ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၃၆) ပါဝင်ကစားခဲ့သလို သွင်းဂိုး(၂၂)ဂိုးနဲ့ ဂိုးဖန်တီးမှု (၃)ကြိမ်ကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းက ဒီရာသီမှာ ဖလားလက်မဲ့ ဘောလုံးရာသီကို ဆက်လက်ဖြတ်သန်းခဲ့ရပေမယ့် ရော်နယ်လ်ဒိုကတော့ သူရဲ့အသက်အရွှယ်နဲ့မလိုက်အောင် ယူနိုက်တက်အတွက် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး အသင်းရဲ့ နည်းပြသစ် ဖြစ်လာတော့မယ့် တန်ဟက်ဂ်ရဲ့ လက်အောက်မှာပါ ရော်နယ်လ်ဒိုအနေနဲ့ အသင်းမှာ ဆက်လက် နေရာရနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ရပါတယ်။

Marco van Basten fears for Erik ten Hag taking Man Utd job in damning  attack after 'sad' Liverpool thrashing

Photo Credit : The Sun

ရော်နယ်လ်ဒိုရဲ့ အနာဂတ် အခြေအနေနဲ့ ပတ်သက်ပြီး ယူနိုက်တက်နည်းပြသစ် ဖြစ်လာတော့မယ့် တန်ဟက်ဂ်ကို ဗန်ဘက်စတန်က “ရော်နယ်လ်ဒိုအနေနဲ့ နောဝစ်ချ်ပွဲကလို ခြေစွမ်းမျိုးနဲ့ ဆက်လက်ကစားနိုင်ခဲ့မယ်ဆိုရင် တစ်ပွဲမှာ သွင်းဂိုး (၂)ဂိုး (၃)ဂိုး ပုံမှန်သွင်းယူနေနိုင်မယ်ဆိုရင် သူ့ကို အသင်းကနေ ဖယ်ရှားဖို့ မလိုအပ်ပါဘူး။ ရော်နယ်လ်ဒိုက သူ့ဘာသာသူ လုပ်ဆောင်တဲ့ ကစားသမားတစ်ယောက်ပါ။ ဒါပေမယ့် သူလုပ်ဆောင်ပေးနေသရွှေ့တော့ သူ့ကို အသင်းမှာ နေရာပေးရပါမယ်။ ဟုတ်ပါတယ် ရော်နယ်လ်ဒိုက အလုပ်ကြိုးစားဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဒါပေမယ့် သူသေချာပေါက်ကို အလုပ်ကြိုးစားလာလိမ့်မယ်ဆိုတာကို ကျွန်တော် သေချာပေါက် ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တန်ဟက်ဂ်က သူလိုချင်တဲ့ ပုံစံအတိုင်း ရော်နယ်လ်ဒိုဘက်ကနေ ကစားပေးဖို့ ရော်နယ်လ်ဒိုအပေါ်မှာ လွှမ်းမိုးမှု ရှိနေမယ်ဆိုတာကို ကျွန်တော် မြင်တွေ့နေရလို့ပါပဲ” လို့ ပြောဆိုခဲ့သလို တန်ဟက်ဂ်အနေနဲ့ ယူနိုက်တက်နည်းပြရာထူးကို လက်ခံပြီးချိန် အလုပ်တွေ စတင်လုပ်ဆောင်တဲ့အခါမှာ မီဒီယာတွေရဲ့ ဖော်ပြမှု မှန်သမျှကို ဂရုမစိုက်ပဲ ကိုယ့်အလုပ်ကိုသာ အာရုံစိုက်လုပ်ဆောင်သင့်တယ်လို့ အကြံပြု ပြောဆိုခဲ့ပါသေးတယ်။