ယမန်နေ့ညမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် Group Bရဲ့ အုပ်စုအဖွင့်ပွဲစဉ် အဖြစ် ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ရှက်တာဒိုးနက် အသင်းတို့ရဲ့ ပွဲမှာတော့ အံ့အားသင့်စရာ ကောင်းအောင်ကိုပဲ ၂-၃ ဆိုတဲ့ ရလဒ်နဲ့ ရီးရဲလ်မက်ဒရစ် အသင်းကို အဝေးကွင်းမှာ အနိုင် ရရှိသွားခဲ့ပါတယ်။ ရှက်တာဒိုးနက် အသင်းဟာ အဆိုပါ ပွဲစဉ် မတိုင်မီမှာ အသင်းရဲ့ အဓိက ကစားသမား ၁ဝဦးအထိ ကိုရိုနာဗိုင်းရပ် ကူးစက်ခံခဲ့ရတာကြောင့် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ အရန် ကစားသမားတွေကိုသာ အဓိကထား သုံးစွဲသွားခဲ့ပေမယ့် ကောင်းမွန်တဲ့ ခြေစွမ်းတစ်ရပ်နဲ့ အတူ ရီးရဲလ်မက်ဒရစ် အသင်းကို ဖိအားပေး ကစားကာ အနိုင်ရလဒ်ကို အရယူနိုင်ခဲ့တာပါ။

Photo Credit: Marca

ရှက်တာဒိုးနက် အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ခြေစွမ်းကတော့ အတော်လေးကို ပြောစရာ များနေခဲ့ပြီး အထူးသဖြင့် အသင်းခေါင်းဆောင် ရာမို့စ် မပါဝင်နိုင်တဲ့ အချိန်မှာ အသင်းရဲ့ ခံစစ်ကြောင်း ကို ဦးဆောင်လာတဲ့ ဗာရိန်းနဲ့ မီလီတာအိုတို့ အတွဲဟာ အတော်လေးကို အမှားအယွင်း များပြားခဲ့ကာ ရှက်တာဒိုးနက် အသင်းဘက်ကို ဂိုးရရှိနိုင်တဲ့ အခွင့်အရေးတွေ အများအပြား ခွင့်ပြုပေးခဲ့ ရပါတယ်။ အဆိုပါပွဲမှာ ရှက်တာဒိုးနက် အတွက် သွင်းဂိုးတွေကိုတော့ ပွဲချိန် ၂၉မိနစ်မှာ တီတီ ၊ ပွဲချိန် ၄၂မိနစ်မှာ ဆော်လမွန်တို့က သွင်းယူ ပေးခဲ့ကြတာ ဖြစ်ပြီး ပွဲချိန် ၃၃မိနစ်မှာတော့ ဗာရိန်းက ရှက်တာဒိုးနက် အသင်းကို လက်ဆောင်ဂိုး တစ်ဂိုး ပေးခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းအတွက် ချေပဂိုးတွေ ကိုတော့ ပွဲချိန် ၅၄မိနစ်မှာ မိုဒရစ်နဲ့ ပွဲချိန် ၅၉မိနစ်မှာ ဗီနီးစီးယပ်စ်တို့က သွင်းယူပေးခဲ့ကြတာပါ။

Photo Credit: Marca

ရှက်တာဒိုးနက် အသင်းကို အိမ်ကွင်းမှာ အရေးနိိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ရီးရဲလ်မက်ဒရစ် အသင်းဟာ ဝေဖန်မှု အများအပြားကို ခံခဲ့ရကာ အထူးသဖြင့် အသင်းခေါင်းဆောင် ဖြစ်တဲ့ ရာမို့စ်မပါဝင်နိုင်တဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေ မှာ ရီးရဲလ်မက်ဒရစ် အသင်းဟာ ရှုံးပွဲတွေ ကြုံတွေ့ရလေ့ ရှိကြောင်း အချက်အလက် မှတ်တမ်း တစ်ခုအရ သိရပါတယ်။ မှတ်တမ်းတွေအရ ရာမို့စ်တစ်ယောက် ရီးရဲလ်မက်ဒရစ် အသင်းအတွက် ပါဝင် မကစားပေးနိုင်တဲ့ နောက်ဆုံး ၈ပွဲမှာ ရီးရဲလ်မက်ဒရစ် အသင်းဟာ ၁ပွဲသာ အနိုင်ရရှိခဲ့ပြီး ရပွဲအထိ ရှုံးနိမ့်ခဲ့ပါတယ်။ အဆိုပါ မှတ်တမ်းဟာ ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးအတွက် မဖြစ်သင့်တဲ့ မှတ်တမ်းတစ်ခု ဖြစ်နေပေမယ့် ယမန်နေ့ည က ပွဲမှာ မြင်တွေ့ခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ခံစစ်ပိုင်း စွမ်းဆောင်ရည်ဟာ အိမ်ဖြည့်အသင်းအဆင့် သာ ရှိကြောင်း သုံးသပ် ပြောကြား လိုက်ပါရစေ…။