လီဗာပူးလ် အသင်းခေါင်းဆောင် ဟန်ဒါဆန်ကတော့ လီဗာပူးလ် အသင်းခေါင်းဆောင်ဟောင်း စတီဗင် ဂျာရတ်ကို ဘယ်လို လီဗာပူးလ်ကစားသမားမှ အစားထိုးနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပြီး ပရီးမီးယားလိဂ် ဆုဖလားက ဂျာရတ်အတွက်လည်း ဖြစ်ပါတယ်လို့ ဂုဏ်ပြုပြောသွားပါတယ်။ ကွင်းလယ်လူ ဟန်ဒါဆန်ဟာ လွန်ခဲ့တဲ့ (၂၀၁၅) ခုနှစ်မှာ လီဗာပူးလ်အသင်းကနေ ဂျာရတ် ထွက်သွားပြီးနောက် လီဗာပူးလ် အသင်းခေါင်းဆောင်သစ် ဖြစ်လာခဲ့ပြီး လီဗာပူးလ်အသင်း ခေါင်းဆောင် အဖြစ် ပရီးမီးယားလိဂ်၊ ကလပ်ကမ္ဘာ့ဖလား နဲ့ ချန်ပီယံလိဂ် ဖလားတို့ကို ရရှိခဲ့ပါတယ်။

Photo Credit: Dailymail

ဟန်ဒါဆန်ဟာ လွန်ခဲ့တဲ့ (၂၀၁၁) ခုနှစ်မှာ ဆန်းဒါလန်းအသင်းကနေ လီဗာပူးလ်အသင်းကို ပြောင်းရွေ့လာခဲ့ပြီး လီဗာပူးလ်အသင်းမှာ ဝေဖန်မှုတွေ နဲ့ ဒဏ်ရာတွေ များစွာကို ကျော်ဖြတ်ခဲ့ပြီးနောက် လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမား တစ်ယောက် ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ လက်ရှိရာသီမှာ နှစ်ပေါင်း (၃၀) ကြာ စောင့်စားခဲ့ရတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ပထမဆုံး အကြိမ် ရရှိခဲ့ပြီး လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်က သူ့ရဲ့ အသင်းဖော်ဟောင်း ဂျာရတ်ကို ဘယ်သူကမှ အစားမထိုးနိုင်ဘူးလို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Dailymail

ဟန်ဒါဆန်က “ကျွန်တော် လီဗာပူးလ်အသင်းခေါင်းဆောင် တာဝန်ကို ပထမဆုံး ယူခဲ့တဲ့ အချိန် နဲ့ လူတွေက ကျွန်တော့်ကို သံယရှိပြီး ဝေဖန်ခဲ့ကြတဲ့ အချိန်မှာ ကျွန်တော် ဒါကို ပြောခဲ့ပါတယ်။ ဒါပေမယ့် ဘယ်သူပဲ အသင်းခေါင်းဆောင် ဖြစ်ပါစေ ဒါမှမဟုတ် ဘယ်သူတွေကပဲ ဖလား ရရှိပါစေ ဒီအသင်းမှာ ဘယ်သူကမှ ဂျာရတ်ရဲ့ နေရာကို အစားမထိုးနိုင်ဘူးလို့ ကျွန်တော် အမြဲ ပြောနေမှာပါ။ ကျွန်တော် အသင်းခေါင်းဆောင်တာဝန်ကို ယူရတဲ့ အချိန်မှာ သူ့ရဲ့ နေရာကို အစားထိုးမယ် ဆိုတဲ့ စိတ်ဓါတ်မျိုး မရှိခဲ့ဘူး။ ကျွန်တော် ဒီအသင်း နဲ့ ဒီကစားသမားတွေအတွက် ကျွန်တော် လုပ်နိုင်သမျှ အကောင်းဆုံး လုပ်မယ်လို့ စဉ်းစားခဲ့ပါတယ်။ ဒါဟာ ကျွန်တော် အမြဲ လုပ်ဖို့ ကြိုးစားနေတဲ့ အရာ ဖြစ်ပါတယ်။ ဒီဖလားက ကစားသမားတွေ နဲ့ ပရိသတ်တွေအတွက်ပဲ မဟုတ်ပါဘူး။ ဒီဖလားက စတီဗင် ဂျာရတ်အတွက်လည်း ဟုတ်ပါတယ်”လို့ ပြောသွားပါတယ်။