လီဗာပူးလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဆုဖလား ဥရောစူပါဖလား ကမ္ဘာ့ကလပ်ချန်ပီယံနဲ့ ပရီးမီးယားလိဂ်ဆုဖလားတို့ကိုပါ သိမ်းပိုက်ရယူနိုင်ခဲ့တဲ့ အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလာက လက်ရှိအချိန်မှာ သူအနေနဲ့ အလွန်ကိုပျော်ရွှင်ဝမ်းမြောက်လို့နေပြီး လီဗာပူးလ်အသင်းမှာပဲ နောက်ထပ်နှစ်ပေါင်းများစွာ ဆက်လက်ရှိနေနိုင်ဦးမလားဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်သလို သူကိုယ်တိုင် သေချာမသိရနိုင်သေးဘူးလို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Liverpool

အသက်(၂၈)နှစ်အရွှယ်ရှိ အီဂျစ်လက်ရွေးစင် တိုက်စစ်ကစားသမားဆာလာဟာ ၂၀၁၇ခုနှစ် နွေရာသီမှ ရိုးမားအသင်းကနေ လီဗာပူးလ်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ပွဲပေါင်း(၁၅၁)ပွဲ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၉၄)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။ အသင်းနဲ့ ဆုဖလာပေါင်းများစွာကို ရယူနိုင်ခဲ့တဲ့အပြင် ဆာလာဟာ ပရီးမီးယားလိဂ်ကို စတင်ရောက်ရှိခဲ့ချိန်ကတည်းက ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို (၂)ရာသီ ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီလို ခြေစွမ်းကောင်းတွေ ပြသထားတဲ့ ဆာလာကို ရီးရဲလ်မက်ဒရစ် ဘာစီလိုနာတို့လို ထိပ်သီးအသင်းတွေက အမြဲလိုလို ခေါ်ယူဖို့ စောင့်ကြည့်လျက်ရှိနေကြပါတယ်။

Photo Credit : Goal

သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ ဆာလာက “ကျွန်တော်ကတော့ ဒီရက်ပိုင်းလေးမှာ ပျော်ရွှင်နေချင်ပါသေးတယ်။ အနာဂတ်မှာ ဘာတွေဆက်ပြီး ဖြစ်လာနိုင်ဦးမလဲဆိုတာကတော့ ဘယ်သူမှ ကြိုတင်မသိရှိနိုင်ဘူးလေ။ ဘာတွေ ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရမှာပေါ့။ ဒါပေမယ့် အခုအချိန်မှာက ကျွန်တော်တို့ ချန်ပီယံလိဂ်ဖလားကို ပိုင်ဆိုင်ခဲ့တယ်။ ပြီးတော့ ပရီးမီးယားလိဂ်ဖလားကို ဆက်လက်ပိုင်ဆိုင်ခဲ့တယ်။ ဒါကြောင့် အရမ်းကို ပျော်ရွှင်နေရပါတယ်။ ဒီလို အောင်မြင်မှုတွေ ဆုဖလားကြီးတွေကို သိမ်းပိုက်ရယူနိုင်ခဲ့တဲ့အတွက် အရမ်းပျော်ရွှင်နေပါတယ်။ အနာဂတ်မှာတော့ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရမှာပဲ” လို့ ပြောဆိုသွားခဲ့ကာ လီဗာပူးလ်မှာ ဆက်လက်ရှိနေဦးမှာပါဆိုတဲ့ အာမခံစကားမျိုးကိုတော့ ဆာလာက ပြောဆိုသွားခဲ့ခြင်း မရှိပါဘူး။ ဆာလာက သူ့အနေနဲ့ အရင်က ကလပ်အသင်းတွေအားလုံးမှာထက် လီဗာပူးလ်မှာ ပိုမိုအောင်မြင်လာရတာဟာ လျှို့ဝှက်ချက်တွေကြောင့်မဟုတ်ပဲ ယာဂင်ကလော့ရဲ့လမ်းညွှန်မှုတွေအောက်မှာ ပိုမိုကြိုးစားခဲ့လို့နဲ့ စိတ်ပိုင်းဆိုင်ရာပိုင်းကို ပိုမိုသန်မာလာအောင် ပြုပြင်ခဲ့တာကြောင့်သာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။