ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ဘဏ္ဍာရေး အကျပ်အတည်း အခြေအနေတွေကြောင့် အသင်းအတွက် အရေးပါဆုံး ကစားသမားတစ်ယောက်ဖြစ်တဲ့ ကွင်းလယ်လူ ဖရန်ကီဒီဂျောင်ကိုပါ ရောင်းထုတ်သွားဖို့အထိ စဉ်းစားလာခဲ့တာကြောင့် ဒီဂျောင်လို အရည်အသွေးမြင့်မားလှတဲ့ ကစားသမားမျိုးကို အရခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေအတွက် စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပြီး ဒီဂျောင်ကို ခေါ်ယူချင်နေတဲ့ အသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းပါ ထိပ်ဆုံးနေရာကနေ ပါဝင်လာခဲ့ပါတယ်။

Photo Credit : FC Barcelon Noticias

အသက်(၂၄)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဖရန်ကီဒီဂျောင်ဟာ အေဂျက်စ်အသင်းမှာ အတော်လေးကို တောက်ပခဲ့တဲ့ ဒတ်ချ်ကွင်းလယ်လူတစ်ယောက်ဖြစ်ပြီး ၂၀၁၉ခုနှစ်မှာပဲ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို(၇၅)သန်း (၅)နှစ်စာချုပ်နဲ့ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီဂျောင်ဟာ ဘာစီလိုနာအသင်းဆီကို ရောက်ရှိချိန်ကတည်းကနေ ခုထိ အသင်းရဲ့ အရေးပါတဲ့ နေရာကနေ ပါဝင်ကစားနေရဖြစ်ပြီး အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ အကောင်းဆုံး စွမ်းဆောင်နေနိုင်ပေမယ့် ဘာစီလိုနာအသင်းက ငွေကြေးပိုင်းဆိုင်ရာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်လာခဲ့ရတဲ့အတွက် လက်ရှိ တန်ကြေးအရ ယူရိုသန်း(၉၀)လောက် ရှိနေနိုင်တဲ့ ဒီဂျောင်ကို အသင်းကနေ ရောင်းချပြီး အသင်းစီးပွားရေး အခြေအနေကို ဖြေရှင်းသွားချင်နေတာ ဖြစ်ပါတယ်။

Photo Credit : Football Espana

လက်ရှိ ဥရောပရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တစ်ဦးဖြစ်တဲ့ ဒီဂျောင်ကို မန်စီးတီး ဘိုင်ယန်မြူးနစ်နဲ့ ပီအက်စ်ဂျီအသင်းတွေကနေ အလိုရှိနေကြသလို မန်ချက်စတာယူနိုက်တက်အသင်းကလည်း အလိုရှိလာခဲ့ပြီး ရာသီအကုန်မှာ အသင်းနဲ့ လက်တွဲဖြုတ်ဖို့ အနီးစပ်ဆုံး ဖြစ်လို့နေတဲ့ ပေါလ်ပေါ့ဘာရဲ့နေရာအတွက် ဒီဂျောင်နဲ့ ပြန်လည်အစားထိုးချင်နေပါတယ်။ ဒါပေမယ့် ဘောလုံးသမား အပြောင်းအရွှေ့ဂုရုကြီးဖြစ်တဲ့ ဖာဘရီဇီယိုရဲ့ ဖော်ပြချက်မှာတော့ ယူနိုက်တက်အသင်းဟာ ဒီဂျောင်ကို ခေါ်ယူသွားဖို့အတွက် ဘာစီလိုနာအသင်းနဲ့ကြားမှာ ဘာဆွေးနွေးမှု မရှိထားသေးတဲ့အတွက် မကြာခင် ဖွင့်လှစ်တော့မယ့် ဆောင်းစျေးကွက်မှာထက် နွေစျေးကွက်မှသာ ကမ်းလှမ်းဖွယ် ရှိနိုင်ပါတယ်။ ဒီဂျောင်ရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီးတော့ ဒီဂျောင်ရဲ့ ဖခင်ကလည်း “ဘိုင်ယန် ဒါမှမဟုတ် ယူနိုက်တက်လား။ ဘာစီလိုနာက ပိုက်ဆံလိုအပ်နေတယ်ဆိုတာကို ကျွန်တော်သိထားပါတယ်။ မြင့်မားလွန်းတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမှုတစ်ရပ်ကလည်း အသင်းအတွက် အကူအညီ ဖြစ်စေနိုင်မှာပါ။ ဒါပေမယ့် ဒီလို ဖြစ်လာမယ်ဆိုတာကိုတော့ ကျွန်တော် မမြင်မိပါဘူး။ သို့ပေမယ့်လည်း ဥရောပရဲ့ ထိပ်တန်း ကလပ်အသင်း(၅)သင်းကတော့ သူ့ကို ခေါ်ယူဖို့ ကမ်းလှမ်းချင်နေပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။