ရောက်လေရာအသင်းတိုင်းမှာ ဆုဖလားအောင်မြင်မှုတွေကို ရယူပေးတတ်တဲ့ နာမည်ကျော်ဘောလုံးနည်းပြ ဟိုဆေးမော်ရင်ဟိုကတော့ မနေ့ကပဲ စပါးအသင်းကနေ အံ့အားသင့်စဖွယ် ထုတ်ပယ်ခံလိုက်ရပါတယ်။ မကြာခင်ရက်ပိုင်းအတွင်းမှပဲ ခါရာဘောင်းဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ဆင်နွဲရဖို့ ရှိနေချိန် အရေးကြီးတဲ့ အချိန်ကာလမျိုးမှာ အသင်းရဲ့နည်းပြဖြစ်သူကို အခုလို ကောက်ခါငင်ခါကြီး ထုတ်ပယ်လိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့ စပါးအသင်းရဲ့ ဆုံးဖြတ်ချက်ကလည်း တော်တော်လေးကို စဉ်းစားစရာ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Sky Sports

မော်ရင်ဟိုဟာ စပါးအသင်းကို ဒီနှစ်ဘောလုံးရာသီမှာ ခါရာဘောင်းလိဂ်ဖလား ဗိုလ်လုပွဲအထိရောက်အောင် ပို့ဆောင်ထားနိုင်ခဲ့ပေမယ့် ယူရိုပါလိဂ်မှာပဲ စောစောစီးစီး လှည့်ပြန်ထားရသလို ပရီးမီးယားလိဂ်မှာလည်း လက်ရှိ အဆင့်(၇)အထိ ရောက်ရှိနေတာကြောင့် အသင်းပိုင်ရှင် အသင်းပရိသတ်တွေရဲ့ စိတ်အလိုမကျမှုနဲ့ ရင်ဆိုင်နေရတာဖြစ်တာကြောင့် အခုလို ထုတ်ပယ်ဖို့ စီစဉ်လိုက်ရတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တခြားထင်မြင်ချက်အရဆိုရင်တော့ မော်ရင်ဟိုက ဥရောပစူပါလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် စပါးအသင်းရဲ့ အစီအစဉ်ကို သဘောမကျတဲ့အတွက် အခုလို ထုတ်ပယ်ရတာလို့လည်း သတ်မှတ်နေကြပါတယ်။

Photo Credit : Goal

ဒါပေမယ့် နည်းပြဘဝမှာ ပေါ်တို ချယ်လ်ဆီး အင်တာမီလန် ရီးရဲလ်မက်ဒရစ် မန်ချက်စတာယူနိုက်တက်တို့လို ထိပ်တန်းအသင်းတွေပဲ ကိုင်တွယ်ခဲ့ဖူးတဲ့ မော်ရင်ဟိုကတော့ စပါးအသင်းကနေ ထုတ်ပယ်ခံလိုက်ရပေမယ့်လည််း ဘောလုံးနယ်ပယ်အတွင်းကနေ အနားယူဖို့ မလိုအပ်ပဲ မကြာခင်မှာပဲ အသင်းသစ်တစ်သင်းကို ထပ်မံကိုင်တွယ်သွားမယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ စပါးအသင်းကနေ အခုလို ထုတ်ပယ်ခံလိုက်ရတာနဲ့ပတ်သက်ပြီး Sky Sports ကနေ မော်ရင်ဟိုကို မေးမြန်းလာခဲ့ရာ မော်ရင်ဟိုက “မင်း ငါ့ကိုသိပါတယ်။ ငါ ဘာကိုမှ မပြောလိုပါဘူး” လို့ ပြန်လည်ဖြေဆိုခဲ့သလို သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းလာခဲ့ရာမှာလည်း မော်ရင်ဟိုက “အနားယူကတော့ လိုကိုမလိုအပ်တာ။ အနားယူဖို့လည်း မလိုအပ်ဘူး။ ဘက်ထရီ အားပြန်သွင်းဖို့လည်း မလိုအပ်ဘူး။ ငါက ဘောလုံးနယ်ပယ်ထဲမှာပဲ အမြဲတမ်းရှိနေမယ့် လူစားမျိုးပါ” လို့ ပြန်လည်ဖြေဆိုသွားခဲ့ပါတယ်။ စပါးအသင်းဟာ မော်ရင်ဟိုကို လွန်ခဲ့တဲ့ ၂၀၁၉ခုနှစ် နိုဝင်ဘာလမှာ အသင်းနည်းပြအဖြစ် စတင်ခန့်အပ်ခဲ့တာဖြစ်ပြီး နည်းပြသက်တမ်း (၁၇)လအကြာမှာပဲ အခုလို ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။