ဒီနေ့မနက်ခင်းလောက်က ထွက်ပေါ်လာခဲ့တဲ့ ဘောလုံးသတင်းတွေထဲမှာ ချယ်လ်ဆီးအသင်းရဲ့တိုက်စစ်ကစားသမားကြီး အိုလီဗာဂျရှုးဟာ ဂျုဗင်တပ်စ်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့အတွက် သဘောတူညီမှုတွေ ပေါ်ထွက်လာခဲ့ပြီး သူရဲ့ချယ်လ်ဆီးနဲ့ ပြင်သစ်အသင်းဖော် ကွင်းလယ်ကစားသမား အန်ဂိုလိုကန်တီမှာလည်း စီးရီးအေထိပ်သီးကလပ် အင်တာမီလန်အသင်းရဲ့ရေဒါထဲမှာ ရောက်ရှိနေပေမယ့် ကစားသမားနှစ်ယောက်လုံးကတော့ အသင်းပြောင်းဖို့ထက် ချယ်လ်ဆီးမှာပဲ ဆက်လက်ရှိနေချင်ပါတယ်။

Photo Credit : Caughtoffside

အသက်(၃၃)နှစ်အရွှယ်ရှိပြီဖြစ်တဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဂျရှုးဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ အသင်းကို ရောက်ရှိလာခဲ့တဲ့ တိုက်စစ်ကစားသမားသစ် တီမိုဝါနာနဲ့အတူ တိုက်စစ်မှာနေရာဖို့အတွက် အပြိုင်ကြိုးစားသွားဖို့ စိတ်အားထက်သန်နေတယ်လို့ ပြောဆိုခဲ့ပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ဂျုဗင်တပ်စ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လာခဲ့ကာ အသင်းကို ပြောင်းရွှေ့ကစားဖို့ ဂျရှုးဘက်ကနေ သဘောတူညီခဲ့တယ်လို့ ဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့် ဒီသတင်းတွေဟာ မှန်ကန်မှုလုံးဝမရှိခဲ့ပဲ ဂျရှုးကိုယ်တိုင်က အသင်းရဲ့တိုက်စစ်မှာပဲ ဆက်လက်ရှိနေမှာဖြစ်တယ်လို့ သိရပါတယ်။

Photo Credit : Sky Sports

ဂျရှုးဟာ ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်တုန်းကလည်း ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲဖို့ နီးစပ်ခဲ့ပြီး အင်တာမီလန်အသင်းဆီ ရောက်ရှိဖို့ရှိခဲ့ပေမယ့် အပြောင်းအရွှေ့က အထမြောက်ခါနီးမှာ ပျက်ပြယ်ခဲ့ပြီး ဂျရှုးလည်း ချယ်လ်ဆီးမှာပဲ ဆက်နေခဲ့ကာ အသင်းအတွက် သွင်းဂိုးတွေကိုလည်း သွင်းယူပေးနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ဂျရှုးဟာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်အထိ ကျန်ရှိနေသေးသူဖြစ်ပြီး အသင်းရဲ့တိုက်စစ်မှာလည်း ဝါနာ အေဘရာဟမ်တို့ထက် အတွေ့အကြုံပိုင်း ပိုမိုရင့်ကျင်တဲ့ ကစားသမားဖြစ်လို့ ချယ်လ်ဆီးဘက်ကလည်း ဂျရှုးကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းဖွယ် ရှိနေပါတယ်။ ဒါ့အပြင် အင်တာမီလန်အသင်းနဲ့ သတင်းထွက်ပေါ်နေတဲ့ ကွင်းလယ်လူကန်တီမှာလည်း အသင်းပြောင်းဖို့ထက် ချယ်လ်ဆီးမှာပဲ ဆက်လက်ရှိနေချင်ပြီး ချယ်လ်ဆီးကတော့ ဝက်စ်ဟမ်းကွင်းလယ်လူ ဒစ်ကလန်ရိုက်စ်ကို ခေါ်ယူသွားဖို့အတွက် ကန်တီကို အသင်းကနေ ရောင်းထုတ်ချင်နေတာဖြစ်ပါတယ်။ ချယ်လ်ဆီးကတော့ ကန်တီအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)လောက် အလိုရှိနေတာဖြစ်ပေမယ့် အင်တာကတော့ ပြောင်းရွှေ့ကြေးမပါဝင်ပဲ ဘရိုဇိုဗစ်နဲ့ အဲရစ်ဆင်တို့ကို အလိုက်ပေးကမ်းလှမ်းလာရာ ချယ်လ်ဆီးဘက်ကနေ ပယ်ချထားခဲ့ပါတယ်။ ကန်တီကို ချယ်လ်ဆီးနဲ့ပြိုင်ဘက် ယူနိုက်တက်အသင်းပါ စိတ်ဝင်စားလျက်ရှိနေပါတယ်။