၂၀၁၉-၂၀၂၀ ဘောလုံးရာသီဟာ လက်ကျန်ရာသီဝက်အတွင်းကို ရောက်ရှိနေပြီဖြစ်ပြီး လက်ရှိအချိန်ထိ ယှဉ်ပြိုင်ကစားထားခဲ့တဲ့ ဥရောပရဲ့ထိပ်တန်းအမှတ်ပေးလိဂ်ပွဲစဉ်တွေအတွင်းက ဂိုးသမားတွေရဲ့စွမ်းဆောင်ရည်တွေအားလုံးကို စစ်တမ်းကောက်ခဲ့ရာမှာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဘယ်ဂျီယံလက်ရွေးစင် ဂိုးသမားဖြစ်သူ ကော်တိုအာက တခြားသော ဂိုးသမားတွေအားလုံးထက် အကောင်းဆုံးလက်စွမ်းတွေကို ပြသထားခဲ့ကာ လက်ရှိအချိန်ထိ Clean Sheet အကြိမ်ရေပေါင်း ၁၁ကြိမ် ရယူထားနိုင်ခဲ့တယ်လို့ သိရှိခဲ့ရပါတယ်။

Photo Credit : Getty Images

မနှစ်က ဘောလုံးရာသီကမှ ချယ်လ်ဆီးအသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ရောက်ရှိလာခဲ့တဲ့ ဂိုးသမားကော်တိုအာဟာ သူရဲ့ရီးရဲလ်ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာတော့ လုံးဝလက်စွမ်းပြနိုင်ခြင်းမရှိပဲ ဂိုးဖမ်းယူရာမှာ အမှားများလွန်းလို့ မကြာခဏ ဝေဖန်ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒီနှစ်ဘောလုံးရာသီမှာတော့ ကော်တိုအာက ချယ်လ်ဆီးမှာတုန်းက သူပြသခဲ့တဲ့ လက်စွမ်းတွေအတိုင်း ပြန်လည်ပြသနိုင်ခဲ့သလို ရီးရဲလ်ခံစစ်ကလည်း ဒီရာသီမှာ ပိုမိုကျစ်ကျစ်လစ်လစ်လေး ကစားနိုင်ခဲ့တာကြောင့် စပိန််လာလီဂါပြိုင်ပွဲအတွင်း Clean Sheets ၁၁ပွဲအထိ ရရှိပိုင်ဆိုင်နိုင်ခဲ့သလို ပေးဂိုးကလည်း ၁၁ဂိုးသာ ပေးထားခဲ့ရပါတယ်။

Photo Credit : Getty Images

ကော်တိုအာနည်းတူ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ Clean Sheets ၁၁ကြိမ် ရယူထားနိုင်တဲ့ ဂိုးသမားက နောက်ထပ်နှစ်ယောက်ရှိနေသေးပြီး သူတို့တွေကတော့ အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ဂိုးသမား ဂျန်အော့ဘလက်နဲ့ အေဂျက်စ်အသင်းရဲ့ဂိုးသမားအိုနာနာတို့ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဂိုးသမားနှစ်ယောက်ထက် ကော်တိုအာက ပွဲအရေအတွက် နည်းပါးစွာ ကစားထားပြီးမှ Clean Sheets ၁၁ကြိမ် ရရှိထားတာဖြစ်သလို ပေးဂိုးအရေအတွက်ချင်း ယှဉ်ကြည့်မယ်ဆိုရင်လည်း အိုနာနာက ၁၉ဂိုး ခွင့်ပြုပေးထားခဲ့ရပြီး အော့ဘလက်ကလည်း ၁၅ဂိုး ခွင့်ပြုထားရတာဖြစ်တာကြောင့်မို့ ပေးဂိုးအရေအတွက်ပိုင်းမှာလည်း ကော်တိုအာက သာလွန်လျက်ရှိနေပါတယ်။ လက်ရှိမှာ ကော်တိုအာရဲ့လက်စွမ်းကောင်းတွေနဲ့အတူ ရီးရဲလ်မက်ဒရစ်အသင်း လာလီဂါအမှတ််ပေးဇယားထိပ်မှာ ရပ်တည်လျက်ရှိနေပြီး ချန်ပီယံလိဂ်မှာကလည်း မန်စီးတီးနဲ့ တွေ့ဆုံရမှာဖြစ်ပါတယ်။