အဲဗာတန်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ကယ်ဗင့် ကမ်းဘဲလ်က အဲဗာတန်အသင်းရဲ့ နည်းပြ အန်ဆယ်လော့တီဟာ လာမယ့် (၂၀၂၀-၂၁) ခုနှစ်မှာ အဲဗာတန်အသင်းနဲ့ ပြည်တွင်း ဆုဖလား (၂) ခု ဒါမှမဟုတ် (၁) ခု ရရှိနိုင်ပါတယ်လို့ အခိုင်အမာ ပြောကြားသွားလိုက်တာပဲ ဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ လွန်ခဲ့တဲ့ (၁၉၉၅) ခုနှစ်က အက်ဖ်အေ ဆုဖလားကို ရရှိပြီးတဲ့နောက်ပိုင်း ဆုဖလား တစ်ကြိမ်မှ မရတော့တာ ဖြစ်ပြီး လက်ရှိအချိန်မှာ အဲဗာတန်အသင်းအနေနဲ့ အင်္ဂလန်ပြည်တွင်း ဆုဖလား မရတော့တာ နှစ်အားဖြင့် (၂၅) နှစ်ကြာအထိတောင် ရှိသွားပြီ ဖြစ်ပါတယ်။

Photo Credit: Goal

အဲဗာတန်အသင်းဟာ လာမယ့် နှစ်တွေမှာ ဆုဖလား စိန်ခေါ်နိုင်ဖို့ နည်းပြ အန်ဆယ်လော့တီကို ခန့်အပ်ခဲ့ပြီး နည်းပြ အန်ဆယ်လော့တီကတော့ အင်္ဂလန်နိုင်ငံ၊ စပိန်နိုင်ငံ နဲ့ အီတလီနိုင်ငံတို့မှာ အသင်းပေါင်းစုံကို နည်းပြခဲ့စဉ်က ဆုဖလား အောင်မြင်မှုတွေလည်း ရရှိနိုင်ခဲ့တာ ဖြစ်ပါတယ်။ နည်းပြ အန်ဆယ်လော့တီဟာ အေစီမီလန်အသင်းနဲ့ စီးရီးအေ ဖလား၊ ရီးရဲလ်အသင်းနဲ့ ချန်ပီယံလိဂ် ဖလား၊ ချဲလ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ် ဖလားတို့ကို ရရှိခဲ့ပြီး အဲဗာတန် တိုက်စစ်မှူးဟောင်း ကမ်းဘဲလ်က အဲဗာတန်အသင်းနဲ့လည်း ဆုဖလား ရနိုင်တယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

ကမ်းဘဲလ်က “အန်ဆယ်လော့တီက နောက်ရာသီမှာ သံသယရှိစရာ မလိုဘဲ ဆုဖလား ရရှိဖို့ အာရုံစိုက်သွားပါလိမ့်မယ်။ ဥရောပ ပြိုင်ပွဲက ကောင်းတယ်။ ဒါပေမယ့် ဥရောပ ပြိုင်ပွဲတွေမှာ ကစားခွင့် ရရှိပြီး ကြာသပတေးနေ့ကနေ စနေနေ့ညအထိ ကစားနေရမယ် ဆိုရင် လိဂ်ပြိုင်ပွဲမှာ ထိခိုက်နိုင်ပါတယ်။ နည်းပြ ဆန်ဆယ်လော့တီအနေနဲ့ တိုက်စစ်ကောင်း (၂) ဦးကို အခြေခံပြီး အသင်းကို တည်ဆောက်ဖို့ လိုအပ်တယ်။ အဲဗာတန်လို အသင်းမျိုးက ဆုဖလား (၂) ခု ရရှိဖို့ ပစ်မှတ်ထားနိုင်တယ်။ သူတို့ ပြည်တွင်းဖလားတွေကို ပစ်မှတ်ထားနိုင်တယ်။ ဆုဖလား (၂) ခု ထဲက တစ်ခုကို ရရှိမယ် ဆိုရင် ခိုင်မာတဲ့ အခြေခံ ဖြစ်လာမယ်။ အောင်မြင်မှုတွေ ထပ် ရရှိနိုင်ဖို့ လမ်းစ ဖြစ်လာမယ်။ အရင်က အခြေအနေတွေကို ပြန်ရောက်ရှိလာမယ်”လို့ ပြောသွားပါတယ်။