MySport Myanmar

သတင်းထွက်ပေါ်နေသလို ပီအက်စ်ဂျီနဲ့ ကွန်တီတို့ရဲ့ကြား ချိတ်ဆက်မှု တစ်စုံတစ်ရာမှ ရှိမနေ

ဒီနှစ်ဘောလုံးရာသီအကုန်မှာ လက်ရှိအသင်းနည်းပြဖြစ်တဲ့ မာရီစီယိုပိုချက်တီနိုနဲ့ လက်တွဲဖြုတ်တော့မယ့် ပီအက်စ်ဂျီအသင်းဟာ နည်းပြသစ် ပြန်လည်ခန့်အပ်သွားဖို့အတွက် အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ ဇီဒန်းနဲ့ သတင်းထွက်နေသလို ဒီရက်ပိုင်းအတွင်းမှာပဲ တော့တင်ဟမ်ဟော့စပါးအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြအန်တိုနီယိုကွန်တီနဲ့ပါ သတင်းထွက်လာခဲ့ရပေမယ့် ကွန်တီက လက်ရှိမှာ ပီအက်စ်ဂျီနဲ့ ဆက်သွယ်ခြင်း မရှိပဲ သူရဲ့စပါးအသင်းအတွက်ကိုသာ အာရုံစိုက်လျက်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Telegraph

ဂျုဗင်တပ်စ် ချယ်လ်ဆီး အင်တာမီလန်အသင်းတို့ရဲ့ နည်းပြဟောင်းဖြစ်သူ ကွန်တီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကမှ စပါးအသင်းကို တာဝန်ယူ ကိုင်တွယ်ခဲ့တာဖြစ်ပြီး လက်ရှိမှာ စပါးကို ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ထားနိုင်တာကြောင့် သူ့ကို ပီအက်စ်ဂျီအသင်းကနေ အသင်းနည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာလည်း ကွန်တီဟာ ပီအက်စ်ဂျီအသင်းနဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ပီအက်စ်ဂျီက ကွန်တီကို နည်းပြသစ်အဖြစ် ခန့်အပ်ကာ ပိုချက်တီနိုက သူ့အသင်းဟောင်း စပါးကို ပြန်သွားလိမ့်မယ်လို့ သတင်းတွေမှာ ဖော်ပြထားခဲ့ပေမယ့် ကွန်တီနဲ့ ပီအက်စ်ဂျီအသင်းတို့ကြားမှာ ဘာဆက်သွယ်မှုမှာ ရှိမနေဘူးလို့ Telegraph က ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Mirror

စပါးအသင်းဟာ လက်ရှိမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၅)နေရာကို ရောက်ရှိနေပေမယ့် အဆင့်(၄)နေရာက အာဆင်နယ်အသင်းနဲ့ (၂)မှတ်သာ ကွာဟနေသလို လာမယ့်မေလထဲမှာလည်း စပါးနဲ့ အာဆင်နယ်တို့ လန်ဒန်ဒါဘီပွဲစဉ်အဖြစ် ထိပ်တိုက်တွေ့ဆုံရမှာဖြစ်လို့ အသင်းနှစ်သင်းရဲ့ကြား ချန်ပီယံလိဂ်ဝင်ခွင့်အတွက်က အကြိတ်အနယ် ဖြစ်နေရပါတယ်။ ကွန်တီဟာ စပါးအသင်းကိုု နိုဝင်ဘာလမှာ ကိုင်တွယ်ခဲ့တာဖြစ်ပြီး ကွန်းဖရန့်လိဂ်နဲ့ အက်အေဖလားပြိုင်ပွဲတွေကနေ အသီးသီး ထွက်ခွာခဲ့ရပေမယ့် ပရီးမီးယားလိဂ်ဘက်မှာတော့ နိုင်ပွဲ(၁၃)ပွဲ ရယူခဲ့ပြီး အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်လျက် ရှိနေသလို သူရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး စပါးအသင်းနဲ့ ဆက်လက် လက်တွဲဖြစ်မဖြစ်ဆိုတာကို ရာသီကုန်အထိ စောင့်ဆိုင်းသွားမယ်လို့ သိရပါတယ်။ ကွန်တီဟာ လာမယ့်စျေးကွက်ထဲ ကစားသမားသစ် အနည်းဆုံး (၆)ဦးခန့်လောက်အထိ အလိုရှိတယ်လို့ အသင်းဥက္ကဌလီဗီးနဲ့ ဒါရိုက်တာပါရာတီချီတို့ကို တောင်းဆိုလို့ထားပြီး သူရဲ့ တောင်းဆိုမှုတွေနဲ့ အသင်းအတွက် သူရည်ရွယ်ထားတာတွေအပေါ် အသင်းဘက်က လိုက်လျောမှု မရှိခဲ့ရင် စပါးအသင်းနဲ့ လက်တွဲဖြုတ်ဖွယ် ရှိနိုင်ပါတယ်။

Exit mobile version