ပရီးမီးယားလိဂ် နာမည်ကြီးကလပ် ချယ်လ်ဆီးရဲ့ တိုက်စစ်မှူးသစ် အန်ကွန်ကူက ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ချယ်လ်ဆီးနဲ့ ဘရိုက်တန်တို့ရဲ့ ပွဲစဉ်မှာ ချယ်လ်ဆီးအတွက် ပထမဦးဆုံးအကြိမ် အဖြစ် ဝင်ရောက် ကစားပေးနိုင်ဖွယ် ရှိနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၆နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အန်ကွန်ကူက ပြီးခဲ့တဲ့ နွေဈေးကွက်မှာ ဂျာမန် နာမည်ကြီးကလပ် လိုက်ပ်ဇစ် ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၆၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ချယ်လ်ဆီးက သူ့ကို ၂၀၂၉ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Goal

အန်ကွန်ကူက ချယ်လ်ဆီးရဲ့ ရာသီကြိုခြေစမ်းပွဲ ခရီးစဉ် တခုလုံးကို လိုက်ပါ ဆင်နွှဲခဲ့သလို ခြေစွမ်းကောင်းတွေလည်း ပြသနိုင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ ရာသီစခါနီးမှာ ဒူးဒဏ်ရာ ရရှိသွားတာကြောင့် ၄လကျော်ကြာ အနားယူခဲ့ရပါတယ်။

လက်ရှိမှာတော့ အန်ကွန်ကူက သူ့ရဲ့ဒဏ်ရာကို အရှင်း ကုသနိုင်ခဲ့သလို ပြန်လည် ထူထောင်ရေး လေ့ကျင့်ခန်းတွေပါ လုပ်ပြီးပြီ ဖြစ်တာကြောင့် ချယ်လ်ဆီးအတွက် ပါဝင် ကစားပေးဖို့ အဆင့်သင့် ဖြစ်နေပြီး အန်ကွန်ကူရဲ့ ချယ်လ်ဆီး ကစားသမား ဘဝ ပွဲဦးထွက်ကို အနှေးနဲ့ အမြန် မြင်တွေ့ရပါတော့မယ်။

Photo Credit: Football London

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အန်ကွန်ကူဟာ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ချယ်လ်ဆီးနဲ့ ဘရိုက်တန်ပွဲမှာ ချယ်လ်ဆီးရဲ့ လူစာရင်းထဲ ပါဝင်လာဖွယ် ရှိနေသလို ချယ်လ်ဆီးအတွက် ပထမဦးဆုံးအကြိမ် ကစားပေးနိုင်ဖွယ် ရှိနေကြောင်း သိရပါတယ်။

ချယ်လ်ဆီးနည်းပြချုပ် ပိုချက်တီနိုကတော့ အန်ကွန်ကူ တယောက် ဘရိုက်တန်နဲ့ပွဲမှာ ပါဝင်မလား ၊ မပါဝင်သေးဘူးလား အခုလိုပဲ ပြောကြားထားပါတယ်။ ပိုချက်တီနိုက – “ကျွန်တော်တို့တွေ သူ့ကို စစ်ဆေးမှုတွေ လုပ်ရပါဦးမယ်။ စစ်ဆေးမှုတွေ ပြီးမှပဲ သူ့ကို သုံးမလား ၊ မသုံးဘူးလား ဆိုတာကို ဆုံးဖြတ်ချက် ချပါမယ်” လို့ ထုတ်ဖော် ပြောကြားထားတာပါ။