ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးက ဂျာမန် ဘွန်ဒက်လီဂါ နာမည်ကြီးကလပ် ရက်ဘူးလ် လိုက်ပ်ဇစ်ရဲ့ တိုက်စစ်မှူး ဖြစ်သူ အန်ကွန်ကူကို ခေါ်ယူဖို့ ကစားသမားနဲ့ အကြိုသဘောတူညီမှု ရယူနိုင်ခဲ့သလို လိုက်ပ်ဇစ်နဲ့လည်း အန်ကွန်ကူ အတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရန် နီးစပ်နေကြောင်း နာမည်ကြီး အင်္ဂလန် အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား အန်ကွန်ကူက အထောင်တိုက်စစ်နဲ့ ဘယ်တောင်ပံ ၊ ညာတောင်ပံ နှစ်နေရာစလုံးမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး သူက ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ လိုက်ပ်ဇစ်ရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူပါ။

Photo Credit: The Sun

ယခုနှစ် ဘောလုံးရာသီမှာလည်း အန်ကွန်ကူက လိုက်ပ်ဇစ် အတွက် ပြိုင်ပွဲစုံမှာ ၁၂ပွဲ ပါဝင် ကစားထားရာ သွင်းဂိုး ၈ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားနိုင်ကာ သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ချယ်လ်ဆီးက အန်ကွန်ကူကို တခြားအသင်းတွေထက် လက်ဦးမှု ရယူကာ ခေါ်ယူနိုင်ဖို့ အပြင်းအထန် ကြိုးပမ်းနေခဲ့တာပဲ ဖြစ်ပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းတွေအရ ချယ်လ်ဆီးက အန်ကွန်ကူကို ခေါ်ယူဖို့ နွေရာသီ အပြောင်းအရွှေ့ မပိတ်မီထဲက ကြိုးပမ်းနေတာ ဖြစ်ပြီး နွေဈေးကွက် ပိတ်သိမ်းသွားပေမယ့်လည်း ချယ်လ်ဆီးဟာ အန်ကွန်ကူကို အမိအရ ခေါ်ယူဖို့ ဆုံးဖြတ်ထားတာကြောင့် အန်ကွန်ကူရဲ့ အေးဂျင့်ဖြစ်သူနဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ဆက်လက် ပြုလုပ်ခဲ့ကာ ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်းမှာပဲ အန်ကွန်ကူနဲ့ ပုဂ္ဂိုလ်ရေးအရ အကြို သဘောတူညီမှု စာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနက ချယ်လ်ဆီးဟာ အန်ကွန်ကူကို ခေါ်ယူဖို့ အကြို သဘောတူညီမှု စာချုပ်အား ချုပ်ဆိုနိုင်ခဲ့ကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားပြီး လက်ရှိမှာတော့ ချယ်လ်ဆီးနဲ့ လိုက်ပ်ဇစ်က အန်ကွန်ကူရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေကို ဆက်လက် ပြုလုပ်နေကာ လိုက်ပ်ဇစ်က အန်ကွန်ကူ အတွက် စာချုပ်ဖျက်သိမ်းကြေး ယူရို ၆၀သန်း လိုချင်နေကာ ချယ်လ်ဆီးကလည်း အန်ကွန်ကူအတွက် ယူရို ၆၀သန်း ပေးချေဖို့ ပြင်ဆင်ထားတာကြောင့် အန်ကွန်ကူဟာ ဆောင်းဈေးကွက် (သို့) ရာသီကုန်မှာ ချယ်လ်ဆီးရဲ့ ကစားသမားသစ် ဖြစ်လာတော့မယ်လို့ ဖော်ပြထားပါတယ်။