ဒီနွေမှာ လိုက်ပ်ဇစ်ကနေ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ ပြင်သစ် တိုက်စစ်ကစားသမား ခရစ္စတိုဖာ အန်ကွန်ကူဟာ ဒီနေ့ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာပဲ ချယ်လ်ဆီးအတွက် စတင် ကစားပေးဖွယ် ရှိနေပါတယ်။

အသက် (၂၆)နှစ်အရွယ် ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား အန်ကွန်ကူကို ချယ်လ်ဆီးက ပြောင်းရွှေ့ကြေး ပေါင် (၅၂)သန်းနဲ့ ခေါ်ယူခဲ့ပြီး ကံဆိုးစွာနဲ့ပဲ ရာသီကြို ခြေစမ်းပွဲစဉ်အတွင်းမှာပဲ ဒူးဒဏ်ရာ ရရှိသွားခဲ့လို့ လအတန်ကြာ အနားယူနေခဲ့ရပါတယ်။

Photo Credit : Fabrizio Romano

အန်ကွန်ကူဟာ လိုက်ပ်ဇစ်မှာ အတော်လေးကို ခြေစွမ်းပြခဲ့သူဖြစ်လို့ သူ့ကို သူ့အသင်းဟောင်း ပီအက်စ်ဂျီ အပါအဝင် ဥရောပ ထိပ်သီး ကလပ်အသင်းတွေ အပြိုင်စိတ်ဝင်စားခဲ့ရာ ချယ်လ်ဆီးအသင်းက လက်ဦးမှု ရယူခဲ့ပြီး (၆)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်နဲ့ ခေါ်ယူခဲ့ပါတယ်။

ဒါပေမယ့် ကံဆိုးပြီး အခုထိ ချယ်လ်ဆီးအတွက် ခြေစမ်းပွဲလေးတွေသာ ကစားထားရသေးပြီး ပွဲတော်တော်များများ လွဲချော်ထားရတဲ့ အန်ကွန်ကူဟာ အခု ရှက်ဖီးယူနိုက်တက်နဲ့ ပွဲစဉ်မှာတော့ အသင်းအတွက် ပြန်လည် ပါဝင်သွားနိုင်တော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Football London

အန်ကွန်ကူ အခြေအနေနဲ့ ပတ်သက်ပြီး ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက “သူ ဒီပွဲမှာ ပါဝင်လာနိုင်ဖို့ ရှိနေပါတယ်။ ဒါက အလွန်ကို သတင်းကောင်းပါပဲ။ အရေးကြီးတာကတော့ သူနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ စိတ်ရှည်ရှည်ထားဖို့ပါပဲ။ သူက အခုမှ ကျွန်တော်တို့အတွက် ပြန်ကစားနိုင်မှာဆိုတော့လေ။”

“အဲ့ဒါကြောင့် သူ့အပေါ်မှာ ဖိအားတွေ မရောက်စေဖို့ လိုပါတယ်။ သူ့အနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲနဲ့ အသားကျဖိုု့အတွက်လည်း လုပ်ဆောင်ရပါဦးမယ်။ သူ ပါဝင်လာတော့မှာမို့ ပရိသတ်တွေရော ကျွန်တော်တို့တွေပါ အလွန် စိတ်လှုပ်ရှားနေကြပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။