ချယ်လ်ဆီးအသင်းရဲ့ ပြင်သစ် တိုက်စစ်ကစားသမား ခရစ္စတိုဖာ အန်ကွန်ကူက အသင်းမှာ ပုံမှန် ပွဲကစားခွင့်တွေ ရရှိဖို့ ရုန်းကန်နေဦးမယ်ဆိုရင် လာမယ့်နွေဈေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာသွားနိုင်ဖွယ် ရှိနေတယ်လို့ Football Insider ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းက ဒီနွေမှာ အသင်းတိုက်စစ်ပိုင်းအတွက် ဂျာအို ဖီးလစ် ၊ ဂျေဒန် ဆန်ချို ၊ ပတ်ဒရို နက်တိုနဲ့ မာ့ခ် ဂီယူတို့ကို ခေါ်ယူဖြည့်တင်းခဲ့ပြီး အသင်းမှာလည်း အန်ကွန်ကူ ၊ နီကိုးလပ်စ် ဂျက်ဆင် ၊ မူဒရစ်ခ်နဲ့ မာဒူအက်ခေးတို့ပါ ရှိနေတာကြောင့် တိုက်စစ်ပိုင်းမှာ ကစားသမား အရေအတွက်က (၈)ယောက်အထိကို ရှိနေရပါတယ်။

Photo Credit : Yardbarker

ချယ်လ်ဆီးနည်းပြ အန်ဇို မာရက်စ်ကာကတော့ အသင်းတိုက်စစ်ပိုင်းအတွက် ကစားသမားတွေကို အလှည့်ကျနဲ့သာ အသုံးပြုလို့နေပေမယ့်လည်း ပွဲအများစုမှာတော့ အန်ကွန်ကူထက် ဂျက်ဆင်ကိုသာ ပွဲထွက်ကစားသမားတွေအဖြစ် တောက်လျှောက် အသုံးပြုလို့နေပြီး အန်ကွန်ကူကိုတော့ လူစားဝင်အဖြစ်ပဲ သုံးနေပါတယ်။

အန်ကွန်ကူက ဒီရာသီမှာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ (၁၁)ပွဲအထိ ကစားထားခဲ့ရပေမယ့် အဲ့ဒီ (၁၁)ပွဲထဲကမှ (၅)ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ကစားထားရပြီး အသင်းအတွက်ကိုတော့ (၇)ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ အန်ကွန်ကူက ဒီရာသီမှာ သူ့အသင်းအတွက် ပြိုင်ပွဲအားလုံးမှာပါ သွင်းဂိုးတွေကို သွင်းယူထားနိုင်တာ ဖြစ်ပါတယ်။

Photo Credit : CaughtOffside

ဒီလို စွမ်းဆောင်ရည်မျိုး ပြသထားပေမယ့်လည်း အန်ကွန်ကူဟာ ချယ်လ်ဆီးအသင်းမှာ နီကိုးလပ်စ် ဂျက်ဆင်နဲ့ မာဒူအက်ခေးတို့လောက် ပွဲကစားခွင့်တွေ သိပ်မရသေးတဲ့အပေါ် အန်ကွန်ကူကိုယ်တိုင် စိတ်ပျက်လာနိုင်ပြီး ဒီအတိုင်းသာ ဆက်လက် ဖြစ်နေဦးမယ်ဆိုရင် လာမယ့်နွေမှာပဲ ချယ်လ်ဆီးကနေ ထွက်ခွာသွားနိုင်ပါတယ်။

တကယ်လို့ အန်ကွန်ကူအနေနဲ့ ချယ်လ်ဆီးကနေ ထွက်ခွာဖြစ်မယ်ဆိုရင် သူရဲ့ ပထမဆုံး ကလပ်အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဆီ ပြန်လည် ပြောင်းရွှေ့နိုင်ဖွယ် ရှိနေပြီး ပီအက်စ်ဂျီကလည်း သူတို့ကစားသမားဟောင်း အန်ကွန်ကူကို ပြန်ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။