MySport Myanmar

လာမယ့်နွေမှာ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ဖို့ နီးစပ်လာခဲ့တဲ့ အန်ကွန်ကူ

လိုက်ပ်ဇစ်အသင်းရဲ့ ပြင်သစ်ကြယ်ပွင့် တိုက်စစ်ကစားသမား ခရစ္စတိုဖာအန်ကွန်ကူဟာ လာမယ့်နွေဈေးကွက်အတွင်းမှာ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ကစားဖို့အတွက် နီးစပ်လျက် ရှိနေပြီး ဒီလထဲမှာလည်း ဂျာမနီနိုင်ငံ ဖရန့်ဖတ်မြို့မှာ လျှို့ဝှက်ဆေးစစ်မှုတွေပါ ပြုလုပ်ခဲ့တယ်လို့ ဂျာမနီသတင်းစာ Blid ရဲ့ နာမည်ကျော် သတင်းထောက် ခရစ္စတီယန်ဖော့ခ်က သူရဲ့တွစ်တာမှာ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sports Mole

အသက်(၂၄)နှစ်အရွယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်နဲ့ တိုက်စစ်ကစားသမား အန်ကွန်ကူဟာ လိုက်ပ်ဇစ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၉ခုနှစ်ကတည်းက ပီအက်စ်ဂျီကနေ လိုက်ပ်ဇစ်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဘွန်ဒစ်လီဂါကို ရောက်ရှိလာချိန်မှာ နဂိုထက်ကို ခြေစွမ်းတွေ ပိုပြလာနိုင်တဲ့ အန်ကွန်ကူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာတော့ လိုက်ပ်ဇစ်အတွက် ပြိုင်ပွဲစုံ (၃၅)ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု အကြိမ် (၂၀)ထိ လုပ်ဆောင်နိုင်ခဲ့သလို ဘွန်ဒစ်လီဂါရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအထိပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Photo Credit : Goal

ဒီလို စွမ်းဆောင်ရည်ကောင်းတွေကို ပြသထားနိုင်တဲ့ အန်ကွန်ကူကို ဥရောပထိပ်သီး ကလပ်အသင်းတွေက ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးပမ်းလာခဲ့ကြပြီး လတ်တလောမှာတော့ ချယ်လ်ဆီးအသင်းနဲ့ ရုတ်တရက်ကြီး သတင်းထွက်လာခဲ့ပြီး လာမယ့်နှစ်မှာပဲ ချယ်လ်ဆီးကို ပြောင်းရွှေ့ဖို့အတွက် ဆေးစစ်မှုတွေပါ လျှို့ဝှက်လုပ်ဆောင်နေတယ်ဆိုပြီး သတင်းထွက်ပေါ်လာခဲ့ပါတယ်။ Blid သတင်းစာရဲ့ နာမည်ကြီးသတင်းထောက် ဖော့ခ်ရဲ့ သတင်းဖော်ပြချက်တွေမှာတော့ အန်ကွန်ကူက အခု စက်တင်ဘာလထဲ ဖရန့်ဖတ်မြို့မှာ ဆေးစစ်မှုတွေကို လုပ်ဆောင်ခဲ့ပြီး ဒီလို လုပ်ဆောင်ရခြင်းတွေဟာ လာမယ့်နွေမှာ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၆၀)နဲ့ ပြောင်းရွှေ့ဖို့အတွက် လုပ်ဆောင်တာ ဖြစ်တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ တိုက်စစ်ပိုင်း အားဖြည့်တင်းဖို့ လိုအပ်နေတဲ့ ချယ်လ်ဆီးအသင်းအနေနဲ့ အန်ကွန်ကူလို ပြင်သစ်ကြယ်ပွင့် ကစားသမားတစ်ဦးကို ပိုင်ဆိုင်ရမယ်ဆိုရင်တော့ အသင်းအတွက် အကျိုးရှိစေမယ့် ကစားသမား ခေါ်ယူမှု ဖြစ်လာဖွယ် ရှိနေသလို ချယ်လ်ဆီးက လိုက်ပ်ဇစ်ကနေ အန်ကွန်ကူအပြင် နောက်ခံကစားသမား ဂါဗာဒီယို့ကိုပါ ကမ်းလှမ်းဖွယ်လည်း ရှိနိုင်ပါတယ်။

Exit mobile version