အာဆင်နယ်အသင်းရဲ့ အင်္ဂလန် တိုက်စစ်ကစားသမား အက်ဒီ အန်ခယ်တီယာက သူ့အနေနဲ့ အာဆင်နယ်အသင်းနဲ့အတူ ဥရောပ ချန်ပီယံလိဂ်ဖလားကြီးကို ဆွတ်ခူး ရယူနိုင်ဖို့အတွက် စိတ်ကူးထားတယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် (၂၄)နှစ်အရွယ်ရှိ တိုက်စစ်မှူး အန်ခယ်တီယာဟာ အာဆင်နယ်အသင်းနဲ့အတူ ဒီရာသီမှသာ ချန်ပီယံလိဂ်ပြိုင်ပွဲကို စတင် ဆင်နွဲခဲ့ရတာဖြစ်ပြီး အခုဆိုရင်လည်း အုပ်စုပထမနေရာနဲ့ (၁၆)သင်း ရှုံးထွက်အဆင့်ဆီကိုပါ တက်လှမ်းနိုင်ခဲ့ရပြီ ဖြစ်ပါတယ်။

Photo Credit : Goal

အန်ခယ်တီယာဟာ PSV နဲ့ အာဆင်နယ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်မှာပါ ကစားသမားဘဝရဲ့ ပထမဆုံးသော ချန်ပီယံလိဂ် သွင်းဂိုးကို စတင် သွင်းယူနိုင်ခဲ့ပါတယ်။ အန်ခယ်တီယာက အာဆင်နယ်နဲ့အတူ အက်ဖ်အေဖလား ကွန်မြူနတီဒိုင်းတို့ကိုသာ ရယူထားနိုင်ခဲ့ပြီး ချန်ပီယံလိဂ် နဲ့ ပရီးမီးယားလိဂ်ဖလားတို့ကိုပါ ထပ်မံ ရယူသွားဖို့ ဆန္ဒရှိနေပါတယ်။

“နောက်တစ်ဆင့် ကစားသွားရမယ့် ပွဲစဉ်တွေအတွက် ကျွန်တော်တို့ စိတ်လှုပ်ရှားနေကြပါတယ်။ ဒီပြိုင်ပွဲကြီးမှာ ကစားရတဲ့အခါတိုင်း သင့်အနေနဲ့ အမြဲတမ်း ခက်ခဲတဲ့ ပွဲစဉ်တွေကိုပဲ ကစားရပါလိမ့်မယ်။ ဒီပြိုင်ပွဲကို ဆင်နွဲနေကြတဲ့ အသင်းတွေကလည်း ကောင်းမွန်ကြပြီး ဒီလိုအဆင့်မှာ ကစားဖို့ ထိုက်တန်တဲ့ အသင်းတွေချည်းပါပဲ။”

Photo Credit : The Independent

“ကျွန်တော်တို့တွေကလည်း ကျွန်တော်တို့ ဝင်ရောက် ဆင်နွဲရတဲ့ ပြိုင်ပွဲတိုင်းမှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့အတွက် တွန်းအားပေး လုပ်ဆောင်နိုင်ပြီး ဒီလို လုပ်ဆောင်ဖို့လည်း ကျွန်တော်တို့မှာ အရည်အသွေးတွေလည်း ရှိနေပါတယ်။ ဒီလို ဖော်ဆောင်ဖို့အတွက်ကိုလည်း ကျွန်တော်တို့ ကစားသမားတွေရော တစ်သင်းသားလုံးရော ပရိသတ်တွေပါ ရည်ရွယ်ထားကြပါတယ်။”

“ကျွန်တော်ရဲ့ အိမ်မက်ကလည်း အာဆင်နယ်အသင်းနဲ့အတူ ဆုဖလားတွေ အားလုံး ရယူနိုင်ဖို့ပါပဲ။ ချန်ပီယံလိဂ်ဖလားကြီးကိုလည်း ဆွတ်ခူးနိုင်ဖို့ စိတ်ကူးထားပါတယ်။” လို့ အန်ခယ်တီယာက ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။