မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြဖြစ်သူ ရုဒ် ဗန် နစ္စတဲလ်ရွိုင်းက အသင်းဆီ နည်းပြ ရူဘင် အမော်ရင် ရောက်လာခဲ့ပြီဆိုရင်လည်း သူ့အနေနဲ့ ယူနိုက်တက်အတွက် ဆက်လက် ကူညီပေးသွားချင်တာကြောင့် အသင်းမှာသာ ဆက်ရှိသွားချင်တယ်လို့ ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

ယူနိုက်တက်ဟာ ရလဒ်ဆိုးတွေကြောင့် နည်းပြ အဲရစ် တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ချိန်မှာ လက်ထောက်နည်းပြ နစ္စတဲလ်ရွိုင်းကို ယာယီနည်းပြအဖြစ် ချက်ချင်း ခန့်အပ်ခဲ့ပြီးနောက် စပို့တင်း လစ္စဘွန်းနည်းပြ အမော်ရင်ကိုပါ အသင်းနည်းပြသစ်အဖြစ် တရားဝင် ခန့်အပ်လိုက်ပါသေးတယ်။

Photo Credit : Milford Mercury

ဒါပေမယ့် အမော်ရင်က ယူနိုက်တက်ဆီ လာမယ့် (၁၁)ရက်နေ့မှ စတင် ကိုင်တွယ်မှာဖြစ်လို့ အဲ့ဒီမတိုင်ခင်အထိ နစ္စတဲလ်ရွိုင်းက ယာယီနည်းပြအဖြစ် တာဝန်ယူသွားရမှာဖြစ်ပြီး အခုလည်း လက်စတာနဲ့ လိဂ်ဖလားပွဲ ချယ်လ်ဆီးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ကိုင်တွယ်ထားခဲ့ပြီ ဖြစ်သလို PAOK နဲ့ ယူရိုပါလိဂ်ပွဲ လက်စတာနဲ့ပဲ ပရီးမီးယားလိဂ်ပွဲတွေကိုပါ ဆက်လက် ကိုင်တွယ်ရဦးမှာ ဖြစ်ပါတယ်။

နည်းပြသစ် အမော်ရင်ကတော့ အစ်ဝစ်ချ်နဲ့ ပွဲမှသာ စတင် ကိုင်တွယ်သွားရမှာဖြစ်ပြီး အသင်းဆီ အမော်ရင် ရောက်လာတာနဲ့ နစ္စတဲလ်ရွိုင်းက ယူနိုက်တက်ကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် နစ္စတဲလ်ရွိုင်းက “ယူနိုက်တက်ဆီ မလာခင်တုန်းက ကျွန်တော် နည်းပြအလုပ်အတွက် ရှာဖွေခဲ့တာပါ။ ဒါက သံသယဝင်စရာ မရှိပါဘူး။”

Photo Credit : Football365

“ယူနိုက်တက်ဆီကနေ ဒီလို အခွင့်အရေးမျိုး ရောက်လာချိန်မှာတော့ ဒါက ကျွန်တော့်အတွက် ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခု ဖြစ်ခဲ့တယ်။ ကျွန်တော် ဒီကို လာချင်လို့လည်း နည်းပြလုပ်ချင်တာကို ဘေးဖယ်ထားလိုက်တယ်။ ကျွန်တော် ဒီကို လာခဲ့တာက အသင်းကို ကူညီချင်တဲ့အတွက် တမင်တကာ ဆုံးဖြတ်ခဲ့တာ။ ကျွန်တော်ကတော့ ဒီမှာ ဆက်နေချင်ပါတယ်။”

“နောက်ပြီး ကျွန်တော် နည်းပြသစ် နောက်မှာလည်း ရှိနေမှာပါ။ ပြီးတော့ အသင်းကို တိုးတက်ဖို့ သေချာအောင် ဆောင်ရွှက်သွားချင်ပါတယ်။ သူက ပေါ်တူဂီမှာဆိုရင်လည်း ကောင်းမွန်စွာ လုပ်ဆောင်နေတာမို့ မကြာခင်မှာ သူနဲ့ တွေ့ဆုံဖို့ စောင့်မျှော်နေပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။