MySport Myanmar

ဘန်လေနည်းပြသစ် ဖြစ်လာဖို့ အလွန် နီးစပ်နေတဲ့ ရုဒ် ဗန် နစ္စတဲလ်ရွိုင်း

မန်ချက်စတာ ယူနိုက်တက် ၊ ရီးယဲလ်မက်ဒရစ်နဲ့ နယ်သာလန်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ ရုဒ် ဗန် နစ္စတဲလ်ရွိုင်းဟာ လက်ရှိမှာတော့ အင်္ဂလန် ချန်ပီယံရှစ်ကလပ် ဘန်လေအသင်းရဲ့ နည်းပြရာထူးကို ရယူသွားဖို့ အလွန် နီးစပ်လျက် ရှိနေပြီလို့ နယ်သာလန် မီဒီယာ De Telegraaf ကနေ ဖော်ပြလာခဲ့ပါတယ်။

ဘန်လေအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ပြိုင်ပွဲဆီ ပြန်လည် တန်းဆင်းသွားခဲ့ရချိန် အသင်းနည်းပြ ဗင်းဆင့် ကွန်ပနီကို ဆက်လက် ထားရှိခဲ့ပေမယ့်လည်း ဘိုင်ယန်မြူးနစ်အသင်းက လစ်လ်သွားတဲ့ နည်းပြနေရာအတွက် ကွန်ပနီကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တာကြောင့် ဘန်လေလည်း နည်းပြ လိုအပ်သွားခဲ့ရပါတယ်။

Photo Credit : Goal

နည်းပြ လိုအပ်နေတဲ့ ဘန်လေဟာ နည်းပြပေါင်းမာျးစွာနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် အခု ကွန်ပနီနေရာ အစားထိုးဝင်ရောက်လာဖို့ ရေပန်းစားနေတဲ့ နည်းပြက ကွန်ပနီလို ကစားသမားဘဝကနေ အနားယူပြီး သိပ်မကြာခင်မှာပဲ နည်းပြဘဝကို ဝင်ရောက်လာတဲ့ PSV နည်းပြဟောင်း နစ္စတဲလ်ရွိုင်းပဲ ဖြစ်ပါတယ်။

အသက် (၄၇)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ နယ်သာလန် ကစားသမားဟောင်းကြီး နစ္စတဲလ်ရွိုင်းဟာ ယူနိုက်တက် ရီးယဲလ် PSV ဟမ်းဘတ်တို့မှာ ကစားသမားဘဝကို ကျင်လည် ဖြတ်သန်းခဲ့သလို နယ်သာလန် လက်ထောက်နည်းပြအဖြစ် (၂)ကြိမ်နဲ့ PSV မှာလည်း လူငယ်နည်းပြ အရန်နည်းပြနဲ့ စီနီယာအသင်း နည်းပြတွေအထိ ဆောင်ရွှက်ခဲ့ပါသေးတယ်။

Photo Credit : Sport Brief

PSV အသင်းကို နည်းပြခဲ့တုန်းက ၂၀၂၂-၂၃ ဘောလုံးရာသီမှာပဲ Johan Cruyff Shield ရာသီကြို ကွင်းဖွင့်ဒိုင်းနဲ့ နယ်သာလန် ရှုံးထွက်ဖလားကိုလည်း ရယူပေးနိုင်ခဲ့ပေမယ့် ရာသီအဆုံးသတ်ခါနီးမှာပဲ အသင်းကနေ ထွက်ခွာလာခဲ့ပါတယ်။ အခုအချိန်ထိတော့ နစ္စတဲလ်ရွိုင်းဟာ အသင်းလက်မဲ့အဖြစ်နဲ့သာ ရှိနေသေးပါတယ်။

နည်းပြအတွေ့အကြုံ နုနယ်သေးပေမယ့် လက်ရွေးစင်အသင်းကြီးရဲ့ နည်းပြအဖွဲ့ဝင်မှာလည်း ပါဝင်ခဲ့ဖူးသလို PSV မှာပါ အောင်မြင်မှုတွေ ရယူပေးထားနိုင်တာတွေကြောင့် ဘန်လေဘက်က စိတ်ဝင်စားလာခဲ့ပြီး နစ္စတဲလ်ရွိုင်းလို ထူးခြားတဲ့ နည်းစနစ်ပိုင်းရှိသူ ရည်မှန်းချက် ကြီးမားတဲ့ နည်းပြတစ်ဦးကို နည်းပြရာထူး ပေးအပ်သွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

Exit mobile version