မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြနဲ့ လက်ထောက်နည်းပြဟောင်း ရုဒ် ဗန် နစ္စတဲလ်ရွိုင်းဟာ ပရီးမီးယားလိဂ်ကလပ် လက်စတာအသင်းနဲ့ သူ့အသင်းဟောင်းဖြစ်တဲ့ ဘွန်ဒက်စ်လီဂါ ၂ ကလပ် ဟမ်းဘတ်အသင်းတွေရဲ့ နည်းပြရာထူးများကို ရွေးချယ် လက်ခံရယူသွားဖို့ စဉ်းစားနေတယ်လို့ သိရှိရပါတယ်။
PSV အသင်း နည်းပြဟောင်း နစ္စတဲလ်ရွိုင်းဟာ ဒီနှစ်နွေမှာ ယူနိုက်တက် လက်ထောက်နည်းပြရာထူးကို လက်ခံခဲ့ပြီး အဲရစ် တန်ဟက်ဂ်နဲ့ လက်တွဲခဲ့ပေမယ့် ယူနိုက်တက်က တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ချိန်မှာတော့ နစ္စတဲလ်ရွိုင်းက ယူနိုက်တက်ရဲ့ ယာယီနည်းပြ တာဝန်ကို လွွှဲပြောင်းရယူလိုက်ရပါတယ်။
Photo Credit : The Independent
နစ္စတဲလ်ရွိုင်းက ယာယီနည်းပြအဖြစ် ယူနိုက်တက်ကို (၄)ပွဲကိုင်တွယ်ပြီး (၄)ပွဲလုံး ရှုံးပွဲမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် ယူနိုက်တက်နည်းပြသစ် ရူဘင် အမော်ရင်က သူ့နည်းပြအဖွဲ့ထဲ နစ္စတဲလ်ရွိုင်းကို ထည့်သွင်းခြင်း မပြုတာကြောင့် နစ္စတဲလ်ရွိုင်းနဲ့ ယူနိုက်တက်အသင်းတို့ လက်တွဲဖြုတ်လိုက်ရပါတယ်။
အခုလို အသင်းလက်မဲ့ ဖြစ်သွားတဲ့ နစ္စတဲလ်ရွိုင်းဟာ ရက်ပိုင်းအတွင်းမှာ အဲဗာတန် လက်စတာ ကိုဗင်ထရီအသင်းတွေနဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်ခဲ့ရသလို အခုလည်း ကစားသမားဘဝတုန်းက ပါဝင်ကစားခဲ့ဖူးတဲ့ ဂျာမနီကလပ် ဟမ်းဘတ်အသင်းကပါ လစ်လပ်နေတဲ့ နည်းပြနေရာအတွက် သူတို့ ကစားသမားဟောင်းကြီး နစ္စတဲလ်ရွိုင်းကို တာဝန်ပေးချင်နေတယ်လို့ သိရပါတယ်။
Photo Credit : Eurosport
လက်စတာအသင်းကလည်း ရလဒ်တွေ ဆက်တိုက် ဆိုးရွှားနေမှုကြောင့် ရာသီအစကမှ ခန့်အပ်ထားခဲ့တဲ့ စတိဗ် ကူးပါးနဲ့ လမ်းခွဲလိုက်သလို ဘွန်ဒက်စ်လီဂါ ၂ ကလပ် ဟမ်းဘတ်အသင်းကလည်း နိုင်ပွဲတွေ ပျောက်နေမှုကြောင့် နည်းပြဖြစ်သူနဲ့ လက်တွဲဖြုတ်လိုက်ပြီး နည်းပြသစ်တစ်ဦးကို အစားထိုး ခန့်အပ်သွားချင်နေပါတယ်။
ဒီအသင်းတွေ ခန့်အပ်ချင်နေတဲ့ နည်းပြတွေထဲမှာ နစ္စတဲလ်ရွိုင်းလည်း ပါဝင်နေပြီး နစ္စတဲလ်ရွိုင်းကလည်း နည်းပြအလုပ်ကို ချက်ချင်း လုပ်ကိုင်သွားဖို့ အစီအစဉ် ရှိနေတာကြောင့် လက်စတာ ဒါမှမဟုတ် ဟမ်းဘတ်အသင်းရဲ့ နည်းပြအဖြစ် မကြာခင်မှာပဲ မြင်တွေ့သွားရဖွယ် ရှိနိုင်ပါတယ်။