တူရကီ ထိပ်သီးကလပ် ဂါလာတာစာရေးအသင်းရဲ့ အီတလီ ကွင်းလယ် ကစားသမား နီကိုလို ဇာနီအိုလိုက သူ့ကို ခေါ်ယူချင်နေတဲ့ အက်စတွန် ဗီလာအသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်လျက် ရှိနေတယ်လို့ ဖာဘရီဇီယို ရိုမာနိုက သတင်းဖော်ပြလာခဲ့ပါတယ်။
အသက် (၂၄)နှစ်အရွယ် အီတလီ ကွင်းလယ်လူ ဇာနီအိုလိုကို ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်ကမှ ရိုးမားကနေ ဂါလာတာစာရေးအသင်းဆီ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပေမယ့် အသင်းအတွက် (၁၂)ပွဲသာ ကစားထားရချိန်မှာပဲ နောက်ထပ် အသင်း အပြောင်းအလဲ လုပ်ဆောင်ရဖို့ ရှိနေပါတယ်။
Photo Credit : Twitter
ဂျီနိုအာ နဲ့ ဖီအိုရင်တီးနား အသင်းတွေရဲ့ လူငယ် အကယ်ဒမီတွေကနေ ထွက်ပေါ်လာခဲ့တဲ့ ဇာနီအိုလိုဟာ ကွင်းလယ် တိုက်စစ်ပိုင်း နဲ့ တိုက်စစ်ပိုင်း ကစားသမားတစ်ဦးဖြစ်ပြီး အန်တယ်လ်လာဆိုတဲ့ အီတလီ အသင်းငယ်လေးမှာ စီနီယာ ကစားသမားဘဝကို စတင်ဖြစ်ခဲ့ပါတယ်။
၂၀၁၇ခုနှစ်မှာတော့ အင်တာမီလန်က ဇာနီအိုလိုကို သဘောကျလို့ ခေါ်ယူခဲ့ပေမယ့်လည်း ပွဲကစားခွင့်တွေ လုံးဝ မပေးတာကြောင့် တစ်ရာသီ အကြာမှာပဲ ရိုးမားအသင်းဆီ ဆက်လက် ပြောင်းရွှေ့ဖြစ်ခဲ့ရပါတယ်။ ရိုးမားမှာတော့ ဇာနီအိုလိုက ပွဲကစားခွင့်တွေ ရခဲ့သလို ခြေစွမ်းလည်း ပြနိုင်ခဲ့ပေမယ့်လည်း ACL ဒဏ်ရာဆိုးကြီး ရရှိခဲ့ပြီးနောက်မှာ စွမ်းဆောင်ရည်ကောင်းတွေ ကျဆင်းလာခဲ့ရပါတယ်။
Photo Credit : Twitter
ဒါကြောင့်ပဲ ၂၀၂၂ခုနှစ် နွေကတည်းက ရိုးမားကနေ ထွက်ခွာရတော့မယ်ဆိုပြီး သတင်းမွှေးလာရတဲ့ ဇာနီအိုလိုဟာ ၂၀၂၂-၂၃ ရာသီ ဈေးကွက်မှာတော့ ဂါလာတာစာရေးအသင်းဆီ ရောက်ရှိသွားခဲ့ပါတယ်။ ဂါလာတာစာရေးနဲ့ တူရကီ အမှတ်ပေး ချန်ပီယံ ဖြစ်ခဲ့တဲ့ ဇာနီအိုလိုကို လက်ရှိမှာတော့ ဗီလာအသင်းက ခေါ်ယူသွားဖို့ ချိန်ရွယ်လာပြန်ပါတယ်။
ဗီလာက ဇာနီအိုလိုကို ခေါ်ယူဖို့အတွက် တစ်ရာသီ အငှား + အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ လွန်ခဲ့တဲ့ တစ်ပတ်ကတည်းက ကမ်းလှမ်းထားခဲ့တာဖြစ်ပြီး ဇာနီအိုလို ကိုယ်တိုင်ကလည်း ဗီလာနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပါဝင် ကစားသွားဖို့ ဆန္ဒပြင်းပြနေရာ ဒီတစ်ပတ်အတွင်းမှာပဲ အပြောင်းအရွှေ့ အထမြောက်နိုင်လိမ့်မယ်လို့ ဗီလာဘက်က ယုံကြည်နေပါတယ်။