ချယ်လ်ဆီးအသင်းရဲ့ ကစားသမားဟောင်းကြီး ဂျင်မီ ဖလွိုက် ဟယ်ဆယ်ဘိန့်က ချယ်လ်ဆီး တိုက်စစ်ကစားသမား နီကိုလပ်စ် ဂျက်ဆင်ဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း တိုက်စစ်မှူး အာလင်း ဟာလန်းထက်တောင် ပိုကောင်းလာနိုင်တယ်လို့ အံ့အားသင့်ဖွယ် မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။

ဆီနီဂေါ လက်ရွေးစင် တိုက်စစ်ကစားသမား နီကိုလပ်စ် ဂျက်ဆင်ဟာ မနှစ်ကမှ ဗီလာရီးယဲလ်ကနေ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ချယ်လ်ဆီးကစားသမား ပွဲဦးထွက်ရာသီမှာပဲ ပြိုင်ပွဲစုံ (၁၇)ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် သူရဲ့ ဂိုးပေါက်လွဲချော်မှုတွေကြောင့် ဝေဖန်မှုတွေနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။

Photo Credit : Football365

ဒီရာသီမှာလည်း ချယ်လ်ဆီးအတွက် (၆)ပွဲကစား (၄)ဂိုးသွင်းထားတဲ့ ဂျက်ဆင်ကို အသင်းဘက်က စာချုပ်သစ်ပါ ထပ်မံ ချုပ်ဆိုထားခဲ့ပြီး အခုလည်း အသင်းရဲ့ ကစားသမားဟောင်းကြီးကပါ ဂျက်ဆင်က ဟာလန်းထက်တောင် ပိုကောင်းလာနိုင်တဲ့ အလားအလာကောင်းမျိုး ပိုင်ဆိုင်ထားသူလို့ ပြောဆိုလာခဲ့ပါတယ်။

“နီကိုလပ်စ် ဂျက်ဆင်နဲ့ အာလင်း ဟာလန်းတို့က အသက်အရွယ် မတိမ်းမယိမ်းတွေပါပဲ။ သူတို့နှစ်ယောက်ကြားက အဓိက ခြားနားချက်ကတော့ ဟာလန်းက ချန်ပီယံလိဂ်ပြိုင်ပွဲလိုမျိုး ဥရောပရဲ့ ထိပ်တန်းအဆင့် ပြိုင်ပွဲကြီး အတွေ့အကြုံတွေ ပိုများနေတာပါပဲ။ သူက ကစားသမားဘဝကို စတင်ပြီး သိပ်မကြာခင်မှာပဲ ဆာလ်ဇ်ဘာ့ဂ်အသင်းနဲ့အတူ ချန်ပီယံလိဂ် ကစားနေရပြီလေ။”

Photo Credit : Youtube

“ဂျက်ဆင်မှာတော့ အဲ့ဒီလို အခွင့်အရေးမျိုး မရှိခဲ့ဘူး။ ဂျက်ဆင်အနေနဲ့က ကွင်းထဲမှာ ဆုံးဖြတ်ချက်တွေ ပြတ်သားဖို့နဲ့ ပွဲတွေမှာ ထိပ်တန်းအဆင့်မျိုးနဲ့ ဂိုးတွေကို ပုံမှန်သွင်းယူပြနိုင်ရပါမယ်။ အဲ့ဒါက သူ့ကို ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်ကစားသမားတွေထဲမှာ တစ်ဦးအဖြစ် သတ်မှတ်နိုင်ဖို့အတွက် သူ လုပ်ဆောင်ရမယ့် အရာတွေပဲ။”

“ဒါက သူ့အတွက်တော့ တကယ့် စိန်ခေါ်မှုကြီးတစ်ခုပါပဲ။ ဒါပေမယ့် သူ ဒါတွေကို ရလာနိုင်တဲ့ အလားအလာမျိုး သူ့မှာ ရှိနေတယ်။ သူရဲ့ အလားအလာကောင်းတွေကို ဖြည့်စွမ်းနိုင်လောက်မယ်ဆိုရင် သူဟာ ပေါင်သန်း (၁၅၀)လောက် တန်ကြေးရှိတဲ့ ကစားသမားလည်း ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။