လီဗာပူးလ်အသင်းရဲ့ နောက်ခံ ကစားသမားဟောင်း ဖြစ်သူ စတီဗ် နီကိုးလ်ကတော့ လီဗာပူးလ်အသင်းအနေနဲ့ ကွင်းလယ်လူ အယ်လ်ကန်တာရာကို ခေါ်ယူသင့်ပြီး သူက လီဗာပူးလ်အသင်းရဲ့ ကွင်းလယ် ကစားသမားတွေ အားလုံးထက် ဘောလုံး ပေးပို့မှု ပိုကောင်းတယ်လို့ ချီးကျူးခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့ အကယ်ဒမီထွက် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်လူ အယ်လ်ကန်တာရာဟာ ကွင်းလယ် ဖန်တီးရှင် တစ်ဦး ဖြစ်တာကြောင့် နည်းပြ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းက သူ့ကို ခေါ်ယူနိုင်ဖို့အတွက် အပြင်းအထန် ချိတ်ဆက်နေတာပဲ ဖြဖစ်ပါတယ်။

Photo Credit: Goal

သီယာဂို အယ်လက်တာရာဟာ လက်ရှိရာသီမှာ ဂျာမနီဘွန်ဒက်စ်လီဂါ ပြိုင်ပွဲက ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၃၈) ပွဲ ကစားထားတာ ဖြစ်ပြီး သူ့ရဲ့ အားသာချက်က ဘောလုံး ပေးပို့မှု နဲ့ ဘောလုံး ဆွဲပြေးမှုတွေ ဖြစ်ပြီး အဝေးပေးပို့ဘောတွေနဲ့ ကစားရတာကို သဘောကျပါတယ်။ သူဟာ လက်ရှိရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်ထားပြီး လီဗာပူးလ်အသင်းရဲ့ နောက်ခံ ကစားသမားဟောင်း စတီဗ် နီကိုးလ်က လီဗာပူးလ်အသင်းအနေနဲ့ သီယာဂို အယ်လ်ကန်တာရာကို ခေါ်ယူသင့်ပါတယ်လို့ တိုက်တွန်း ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Goal

ESPN မှာ စတီဗ် နီကိုးလ်က “အယ်လ်ကန်တာရာက လီဗာပူးလ်အသင်းမှာ ရှိတဲ့ ကစားသမားတွေ အားလုံးထက် ဘောလုံး ပေးပို့မှု ပိုကောင်းတယ်။ ပြဿနာက လီဗာပူးလ် ကွင်းလယ်မှာ ကစားနေတဲ့ ပုံစံပါပဲ။ လီဗာပူးလ်အသင်းက ဘောလုံးကို ပိုရယူဖို့ လိုအပ်ပြီး အားအင် နဲ့ အရည်အချင်း လိုတယ်။ အရည်အချင်းအရ ဆိုရင် သူက လီဗာပူးလ်အသင်းရဲ့ ကစားသမားတွေထက် ဘောလုံး ပေးပို့မှု ပိုကောင်းတယ် ဆိုတာကိုလည်း ကျွန်တော် သဘောတူတယ်။ အခြား အမြင်က ပြောရမယ် ဆိုရင် ဘောလုံးကို ပြန်လည် ရရှိဖို့ လိုပါတယ်။ တကယ်လို့ အယ်လ်ကန်တာရာက လီဗာပူးလ်အသင်းရဲ့ ပွဲစဉ်တိုင်းကို ကစားရရင် အဲဒါတွေက သက်ရောက်မှု ရှိလာမယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်သာ ဆိုရင် သူ့ကို ခေါ်ယူချင်တယ်။”လို့ ပြောသွားခဲ့ပါတယ်။