ပရီးမီးယားလိဂ် နာမည်ကြီးကလပ် နယူးကာဆယ်ရဲ့ နံပါတ်တစ် ဂိုးသမား နစ်ပုတ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နယူးကာဆယ် ၁-၀ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ နယူးကာဆယ် အတွက် ဝင်ရောက် ကစားပေးရင်း ပခုံးအဆစ်ပြုတ်ဒဏ်ရာ ရခဲ့တာကြောင့် ကာလရှည် အနားယူရဖွယ် ရှိနေကြောင်း သိရပါတယ်။

အသက် ၃၁နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ဂိုးသမား နစ်ပုတ်က ပြီးခဲ့တဲ့နှစ် နွေဈေးကွက်မှာ ဘန်လေ ကနေ နယူးကာဆယ်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၁.၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက နယူးကာဆယ်ဆီ ရောက်ရောက်ချင်းမှာပဲ အသင်းရဲ့ နံပါတ်တစ် ဂိုးသမားနေရာကို အပိုင်စား ရခဲ့ပါတယ်။

Photo Credit: Standard

နစ်ပုတ်က ဂိုးပေါက် ကာကွယ်ရာမှာ ထူးချွန်သလို ဘောလုံးကိုင် ကစားရာမှာလည်း တော်တဲ့ ဂိုးသမား တဦး ဖြစ်ပြီး သူက နယူးကာဆယ် အတွက် ပြိုင်ပွဲစုံမှာ ၆၂ပွဲ ပါဝင် ကစားပေးခဲ့ရာ ၅၂ဂိုးသာ ခွင့်ပြုထားရကာ ပေးဂိုးမရှိတဲ့ပွဲ ၂၆ပွဲ အထိ ရရှိခဲ့ပါတယ်။

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ နယူးကာဆယ် ၁-၀ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာလည်း နစ်ပုတ်က ဒဏ်ရာကြောင့် လူစားလဲမခံရခင် အထိ အကောင်းဆုံးပုံစံနဲ့ ကစားပြနိုင်ခဲ့ပေမယ့် သူက မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ်ဆင်မှုကို တားဆီးဖို့ ကြိုးစားရင်း အကျမတော်တာကြောင့် ပခုံးအဆစ်ပြုတ်ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

Photo Credit: Metro

နယူးကာဆယ်နည်းပြချုပ် အက်ဒီဟောင်းရဲ့ ပြောဆိုချက်အရ နစ်ပုတ်ရဲ့ ပခုံးအဆစ်ဟာ လုံးဝ ပြုတ်ထွက်သွားခဲ့တာ ဖြစ်ကြောင်း သိရှိရပြီး ပခုံးဆစ်ပြုတ်ဒဏ်ရာဟာ အနည်းဆုံး ၁လ ကနေ အများဆုံး ၂လ ဝန်းကျင် အထိ အနားယူရနိုင်တဲ့ ဒဏ်ရာမျိုး ဖြစ်ကြောင်း ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။

နစ်ပုတ်ရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သတ်ပြီး အက်ဒီဟောင်းက – “နစ်ရဲ့ ပခုံးက ပြုတ်ထွက်သွားပုံပါပဲ။ သူ့ရဲ့ အဆစ်က ပြုတ်ထွက်သွားခဲ့တာပါ။ ဒဏ်ရာအခြေအနေကတော့ သိပ်မကောင်းပါဘူး” လို့ ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။