MySport Myanmar

ပြင်သစ် လီဂူးမှာ လက်စောင်းထက်နေတဲ့ ဒီဇာဘီရဲ့ တပည့်ကျော် ဖာရီအိုလီ

ဘရိုက်တန်အသင်း နည်းပြ ရောဘတ်တို ဒီဇာဘီရဲ့ တပည့်ကျော်တစ်ဦးဖြစ်သူ ဖရန်ဆက်စကို ဖာရီအိုလီဟာ လက်ရှိမှာ ပြင်သစ် လီဂူးဝမ်းကလပ် နိုက်စ်အသင်းကို ကိုင်တွယ်လို့နေပြီး ဒီရာသီမှာလည်း ရှုံးပွဲ လုံးဝမရှိအောင် စွမ်းဆောင်ပေးထားနိုင်ပါတယ်။

အသက် (၃၄)နှစ်အရွယ်သာ ရှိနေသေးတဲ့ အီတလီလူမျိုး ဂိုးနည်းပြဟောင်း ဖာရီအိုလီဟာ နည်းပြဒီဇာဘီနဲ့ လက်တွဲ လုပ်ကိုင်ဖူးသူလည်း ဖြစ်ပါတယ်။ တက္ကသိုလ်မှာ စိတ်ပညာ ဘာသာရပ်ကို သင်ယူနေစဉ်အတွင်း အားကစားသိပ္ပံ ဘာသာရပ်ကို ထပ်မံ လေ့လာဖြစ်ခဲ့ပါတယ်။

Photo Credit : News Hub Asia

 

ဘောလုံးကစားသမားဘဝကို မဖြတ်သန်းဖူးခဲ့တဲ့ ဖာရီအိုလီဟာ ဂိုးနည်းပြအဖြစ် စတင် ဆောင်ရွက်ရင်း လက်ရှိ ဘရိုက်တန်အသင်း နည်းပြဖြစ်သူ ဒီဇာဘီနဲ့အတူ ဘင်နီဗင်တို နဲ့ ဆာဆူအိုလိုအသင်းတွေမှာ လက်တွဲ လုပ်ကိုင်ခဲ့ဖူးပါတယ်။

အဲ့ဒီနောက်မှာတော့ ဖာရီအိုလီက တူရကီကလပ် အလန်ယာစပေါအသင်းမှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ရင်း ၂၀၂၁ မတ်လမှာပဲ နောက်ထပ် တူရကီကလပ် Fatih Karagümrük အသင်းရဲ့ နည်းပြပါ ဖြစ်လာခဲ့ပြီး ဥရောပလိဂ်ရဲ့ အသက်အငယ်ဆုံး နည်းပြတစ်ဦးအဖြစ် စံချိန်တင်သွားခဲ့ပါသေးတယ်။ Fatih Karagümrü မှာ နည်းပြချုပ်အဖြစ် စတင် လုပ်ဆောင်ပြီးနောက် အလန်ယာစပေါအသင်းဆီ နည်းပြရာထူးနဲ့ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

Photo Credit : Twitter X

အသက် ငယ်ရွယ်ပေမယ့် အရည်အချင်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဖာရီအိုလီဟာ ဒီနွေမှာတော့ ပြင်သစ် လီဂူးကလပ် နိုက်စ်အသင်းနဲ့ လက်တွဲခွင့် ရရှိခဲ့ပြီး လက်ရှိမှာ လီဂူးပွဲပေါင်း (၆)ပွဲ ကိုင်တွယ်ထားပြီးချိန်မှာ နိုင်ပွဲ (၃)ပွဲ သရေပွဲ (၃)ပွဲနဲ့ လုံးဝ ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။

ဖာရီအိုလီရဲ့ နိုက်စ်နည်းပြဘဝ အစပိုင်းတွေက သရေပွဲ (၃)ပွဲနဲ့ ရလဒ်ပိုင်း သိပ်မစွံခဲ့ပေမယ့်လည်း ပီအက်စ်ဂျီလို လီဂူးထိပ်သီး ကလပ်အသင်းကြီးကို အဝေးကွင်း (2-3) နဲ့ အနိုင်ယူထားခဲ့ပြီး မိုနာကို စထရာဘိုးတို့ကိုလည်း ဆက်တိုက် အနိုင်ယူထားကာ လက်ရှိမှာတော့ အမှတ်ပေးဇယားရဲ့ အဆင့် (၂)နေရာကို ရောက်ရှိနေရပါတယ်။

Exit mobile version