လာမယ့် ဧပြီလထဲ ယူရိုပါလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ယှဉ်ပြိုင်သွားရတော့မှာဖြစ်ပြီး ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က ပြင်သစ်လီဂူး နာမည်ကြီးကလပ် လိုင်ယွန်နဲ့ ဆုံတွေ့မှာ ဖြစ်သလို ဒီပွဲကလည်း ယူနိုက်တက်အတွက်တော့ နောက်ထပ် အစမ်းသပ်ခံရမယ့် ပွဲတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။
ယူနိုက်တက်က ဒီရာသီထဲ ပရီးမီးယားလိဂ်မှာ အဆင့်(၁၄)နေရာအထိ ရောက်ရှိနေသလို ပြည်တွင်းဖလားတွေမှာလည်း ပြိုင်ပွဲကနေ ထွက်ခွာထားရပြီမို့ ယူရိုပါလိဂ်ကသာ ဒီရာသီမှာ ယူနိုက်တက်အတွက် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လာပါတယ်။ ယူရိုပါလိဂ်မှာသာ ဗိုလ်စွဲမယ်ဆိုရင် ဆုဖလားတစ်လုံး ပိုင်ဆိုင်မယ့်အပြင် ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရရှိဦးမှာ ဖြစ်ပါတယ်။
Photo Credit : ESPN
ဒါပေမယ့် အခု ကွာတားဖိုင်နယ်မှာ တွေ့ဆုံရမယ့် လိုင်ယွန်အသင်းက နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံ (၅)ပွဲမှာ ပီအက်စ်ဂျီ တစ်သင်းတည်းကိုသာ ရှုံးထားခဲ့ပြီး ကျန်တဲ့ပွဲတွေ အားလုံးကို အနိုင်ရထားသလို (၁၆)သင်းအဆင့်မှာလည်း FCSB အသင်းကို နှစ်ကျော့လုံး အနိုင်ယူကာ ကျော်ဖြတ်ထားနိုင်ခဲ့ပါတယ်။
ယူနိုက်တက်ကလည်း ပြည်တွင်းမှာသာ အခြေအနေမကောင်းပေမယ့် ယူရိုပါလိဂ်မှာတော့ လုံးဝ ရှုံးပွဲမရှိထားသေးသလို ဒီရာသီ ဥရောပပြိုင်ပွဲဝင်နေတဲ့ အသင်းတွေထဲမှာလည်း တစ်သင်းတည်းသော ရှုံးပွဲမရှိသေးတဲ့ အသင်းအဖြစ်ပါ ရှိနေပါတယ်။ ဒီလို ဥရောပမှာ ရလဒ်ကောင်းနေတဲ့ ရင်ဆိုင်ရတော့မယ့် လိုင်ယွန် နောက်ခံလူ မူဆာ နီယာခါတီက “ကျွန်တော်တို့ ဘောလုံးကစားတာက ယူနိုက်တက်လို အသင်းတွေနဲ့ ဒီလိုပွဲတွေကို ကစားဖို့ပါ။”
Photo Credit : Goal
“သူတို့က သမိုင်းမှာ အကောင်းဆုံး ကလပ်အသင်းတွေထဲက တစ်သင်းပါ။ ဒါပေမယ့် ကျွန်တော်တို့ အဲဒီကို ဗီဒီယိုရိုက်ဖို့ ဒါမှမဟုတ် အိုးလ်ထရက်ဖို့ဒ်ကို ကြည့်ဖို့ သွားမှာ မဟုတ်ပါဘူး၊ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ပဲ သွားတာပါ။ ကျွန်တော်တို့မှာ သူတို့ကို ဒုက္ခပေးနိုင်တဲ့ အသင်းရှိပါတယ်။ ကျွန်တော်တို့ ဒီနေရာကနေ အဆုံးထိ သွားဖို့ ရှိနေပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။
ယူနိုက်တက်နဲ့ လိုင်ယွန်အသင်းတို့ဟာ ဥရောပပြိုင်ပွဲတွေမှာ (၄)ကြိမ်အထိ ဆုံတွေ့ခဲ့ဖူးပြီး ယူနိုက်တက်ကတော့ လိုင်ယွန်နဲ့ တွေ့ဆုံတိုင်း လုံးဝ ရှုံးပွဲမရှိထားသေးတဲ့အပြင် အိုးထရက်ဖို့ဒ်ကွင်းမှာ ရင်ဆိုင်ခဲ့ရချိန်တွေမှာလည်း အိမ်ရှင် ယူနိုက်တက်ကသာ အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၈ခုနှစ်ကသာ နောက်ဆုံးအကြိမ်အဖြစ် တွေ့ဆုံထားတာမို့ အခုတစ်ကြိမ် တွေ့ဆုံမှုက စိတ်ဝင်စားဖို့ကောင်းနေရပါတယ်။