ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေလို့ ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ UEFA Nations League ပွဲစဉ်တွေကို ဝင်ရောက်ကစားခွင့် မရရှိခဲ့သလို ချန်ပီယံဖြစ်ခဲ့ရတဲ့ ပြင်သစ်အသင်းနဲ့အတူ ဆုဖလားကိုင်မြှောက်ခွင့်ကိုပါ လွဲချော်ခဲ့ရတဲ့ ကွင်းလယ်ကစားသမား အန်ဂိုလိုကန်တီနဲ့ ဒူးဒဏ်ရာ ခံစားနေရတဲ့ ညာနောက်ခံကစားသမား ရီးစ်ဂျိမ်းစ်တို့ဟာ အသင်းသားတွေနဲ့အတူ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ ပြန်လည်ပါဝင်လာခဲ့ပြီဖြစ်လို့ ဘရန့်ဖိုဒ့်အသင်းနဲ့ ပွဲစဉ်ကို ပြန်လည်ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : Hillingdon Times

အသက်(၃၀)အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ကန်တီဟာ မန်စီးတီးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်နောက်ပိုင်းမှာပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတာကြောင့် ဂျုဗင်တပ်စ်အသင်းနဲ့ ရင်ဆိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကိုပါ လွဲချော်ခဲ့ရသလို ပြင်သစ်အသင်းရဲ့ Nations League ဆီမီးဖိုင်နယ်နဲ့ ဖိုင်နယ်ပွဲတွေကိုပါ ဆက်တိုက်လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ အခုတော့ ကန်တီဟာ ကိုဗစ်ကူးစက်မှုကနေ ပြန်လည်သက်သာလာခဲ့ပြီဖြစ်လို့ အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေ ပြန်လည်ပြုလုပ်နေပြီဖြစ်လို့ စနေနေ့ညမှာ ဘရန့်ဖိုဒ့်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်အတွင်း အသင်းအတွက် ပြန်လည်ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : Independent

ဒါ့အပြင် မန်စီးတီးအသင်းနဲ့ ပွဲစဉ်အတွင်း ပထမပိုင်းပွဲချိန်မှာပဲ ဒူးဒဏ်ရာ ရရှိသွားခဲ့တဲ့ နောက်ခံအစွန်လူ ရီးစ်ဂျိမ်းစ်မှာလည်း ဒဏ်ရာကနေ အလျင်အမြန် သက်သာလာခဲ့ပြီဖြစ်တာကြောင့် ကန်တီနဲ့အတူ ဘရန့်ဖိုဒ့်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို ပါဝင်ကစားဖွယ် ရှိနေပါတယ်။ ရီးစ်ဂျိမ်းစ်ကလည်း သူရဲ့ဒူးဒဏ်ရာကြောင့် ဂျုဗင်တပ်စ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲ ဆောက်သမ်တန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဆက်တိုက်လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ အခုတော့ ကန်တီနဲ့အတူ ရီးစ်ဂျိမ်းစ်ကလည်း လေ့ကျင့်ခန်းတွေ ပြန်လည်ဆင်းနေပြီဖြစ်တာကြောင့် ချယ်လ်ဆီးအသင်းရဲ့ ရှေ့လာမယ့် ပွဲစဉ်တွေကို ပါဝင်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်လို့နေတဲ့ ချယ်လ်ဆီးအသင်းဟာ စနေနေ့မှာ ပရီးမီးယားလိဂ်ရဲ့ အသင်းကောင်းတစ်သင်းဖြစ်တဲ့ တန်းတတ်ဘရန့်ဖိုဒ့်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဘရန့်ဖိုဒ့်က လက်ရှိမှာ ရှုံးပွဲတစ်ပွဲသာ ရှိထားပြီး အကောင်းဆုံးပုံစံနဲ့ အဆင့်(၇)နေရာမှာ ရပ်တည်လို့နေပါတယ်။