ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးတိုက်စစ်ကစားသမား နေမာဟာ သူရဲ့ဘောလုံးဘဝ အစပထမဖြစ်တဲ့ ဘရာဇီးကလပ် ဆန်းတို့စ်အသင်းကနေ ဘာစီလိုနာအသင်းဆီကို မပြောင်းရွှေ့ခင်မှာ ချယ်လ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ဖူးကြောင်းနဲ့ နေမာကိုယ်တိုင်ကပါ ဒီကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ပြီး ဘာစီလိုနာကိုပဲ ရွေးချယ်ခဲ့တာဖြစ်တယ်လို့ အဲ့ဒီအချိန်တုန်းက နေမာရဲ့အေးဂျင့်အဖြစ် ဆောင်ရွှက်ခဲ့ဖူးတဲ့ အေးဂျင့်ဟောင်း ဝက်ဂ်နာရီဘယ်ရိုးက ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Youtube

အသက်(၂၉)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမားနေမာဟာ အသက်(၁၇)နှစ်အရွှယ် ၂၀၀၉ခုနှစ်ခန့်မှာပဲ သူရဲ့ဆန်းတို့စ်စီနီယာကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး အသင်းမှာ ခြေစွမ်းကောင်းတွေပြသရင်း နာမည်ကျော်ကြားလာခဲ့တဲ့ နေမာကို ဥရောပထိပ်သီး ကလပ်အသင်းတွေကလည်း စိတ်ဝင်စားလာခဲ့ပါတယ်။ ဒီအသင်းတွေထဲမှာ ချယ်လ်ဆီးအသင်းလည်း ပါဝင်နေခဲ့ပြီး နေမာကို ပိုင်ဆိုင်ရဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀)ခန့်နဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း နေမာရော ဆန်းတို့စ်အသင်းဘက်ကနေပါ ဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့ကြတယ်လို့ နေမာအေးဂျင့်ဟောင်းက ရီဘယ်ရိုးက ပြန်လည်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Marca

ရီဘယ်ရိုးက “၂၀၁ဝခုနှစ်လောက်တုန်းက ချယ်လ်ဆီးအသင်းဘက်ကနေ နေမာကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုတွေကို ကြီးကြီးမားမား လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် နေမာကတော့ အဲ့ဒီကို မသွားချင်ပါဘူး” လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် နေမာဟာ ဘာစီလိုနာအသင်းကို မပြောင်းရွှေ့ခင် ဘာစီလိုနာရဲ့ ခါးသီးပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကမ်းလှမ်းမှုကိုလည်း ရရှိခဲ့ပြီး ရီးရဲလ်ဘက်က နေမာအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)အပြင် နေမာအလိုရှိသမျှကိုပါ ပေးဆောင်သွားမယ်ဆိုတဲ့ မက်မောလောက်စရာ ကမ်းလှမ်းချက်နဲ့ပါ ကမ်းလှမ်းခဲ့တယ်လို့ ရီဘယ်ရိုးက ပြောဆိုခဲ့ပါတယ်။ နေမာဟာ ရီးရဲလ်ကို ပြောင်းရွှေ့ကစားဖို့ နီးစပ်ခဲ့ပေမယ့်လည်း သူကိုယ်တိုင်က လီယွန်နယ်မက်ဆီနဲ့ ဂျရတ်ပီကေးတို့ ပါဝင်ကစားလျက်ရှိနေတဲ့ ဘာစီလိုနာအသင်းကိုသာ ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်နေတဲ့အတွက် ဘာစီလိုနာကိုပဲ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ အခုလည်း နေမာဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ထက် သူရဲ့အသင်းဟောင်း ဘာစီလိုနာအသင်းဆီကို တကျော့ပြန်ပြောင်းရွှေ့ဖို့ကိုပဲ ဆန္ဒရှိလို့နေပြီး ဒီနှစ်နွေစျေးကွက်မှာ သူရဲ့အနာဂတ်အခြေအနေက စောင့်ကြည့်စရာ ဖြစ်နေဦးမှာ သေချာနေပါတယ်။