ပီအက်စ်ဂျီအသင်းရဲ့ဘရာဇီးတိုက်စစ်ကစားသမားနေမာအနေနဲ့ လက်ရှိအချိန်မှာ သူရဲ့အသင်း ပီအက်စ်ဂျီအသင်းမှာ အရမ်းကို ပျော်ရွှင်လို့နေပြီး အသင်းဟောင်း ဘာစီလိုနာအသင်းဆီကို ပြန်လည်ပြောင်းရွှေ့သွားချင်မှာမဟုတ်တာကြောင့် နေမာအနေနဲ့ ဘာစီလိုနာကို ပြန်သွားဖို့ဆိုတာထက် ဘာစီလိုနာက တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့လာဖို့ကသာ ပိုပြီးဖြစ်နိုင်များတယ်လို့ နေမာရဲ့အေးဂျင့်ဖြစ်သူက ပြောဆိုလိုက်ပါတယ်။

Photo Credit : talkSPORT

အသက်(၂၈)နှစ်အရွှယ် ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမားနေမာဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်း သူရဲ့အသင်းဟောင်း ဘာစီလိုနာအသင်းဆီ ပြန်သွားဖို့လုပ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အသင်းမပြောင်းဖြစ်ခဲ့ရပဲ ပီအက်စ်ဂျီအသင်းမှာ ကျန်ရစ်နေခဲ့ရပြီး အခုဆို ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဆင့်ဆီကိုတောင် တတ်ရောက်နိုင်ခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် နေမာက သူရဲ့အသင်းဟောင်းဆီကို ပြန်သွားချင်တော့မှာမဟုတ်ပဲ ပီအက်စ်ဂျီမှာပဲ အနည်းဆုံး နောက်ထပ်(၂)နှစ်လောက် ဆက်လက်ရှိနေလိမ့်မယ်လို့ နေမာရဲ့အေးဂျင့်က ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Sun

နေမာအေးဂျင့် ဝက်ဂနာရူဘေရီယိုက “နေမာ ဒဏ်ရာဆိုးဆိုးရွှားရွှားရနေချိန်တုန်းက သူအရမ်းစိတ်ပျက်ဝမ်းနည်းခဲ့ရတယ်။ အဲ့ဒီအချိန်တုန်းက နေမာက ဘာစီလိုနာအသင်းဆီကိုပဲ ပြန်သွားချင်စိတ်တွေ ပေါ်ပေါက်ခဲ့တယ်။ ဒါမှမဟုတ်လည်း ရီးရဲလ်မက်ဒရစ်လို အသင်းဆီ ပြောင်းရွှေ့ချင်ခဲ့တယ်ပေါ့လေ။ အခုကတော့ သူဒီမှာ ဘယ်လောက်တောင် ပျော်ရွှင်နေပြီလဲဆိုတာကို ခင်ဗျားတို့ မြင်တွေ့နိုင်ပါတယ်။ ကျွန်တော်သူ့ကိုတောင် နောက်ပြောင်လိုက်သေးတယ်။ ပဲရစ်လိုမြို့ကြီး ပီအက်စ်ဂျီလို ခမ်းနားတဲ့ ကလပ်အသင်းကြီးဆီကနေ ဘယ်လိုအကြောင်းပြချက်တွေနဲ့များ ထွက်ခွာချင်ရတာလဲကွာဆိုပြီး နောက်ပြောင်မေးမြန်းခဲ့သေးတယ်။ နေမာ ဒီမှာအရမ်းပျော်နေပါတယ်။ ကျွန်တော်စိတ်အထင်တော့ သူအနည်းဆုံး နောက်ထပ်(၂)နှစ်လောက်အထိ ဒီမှာဆက်လက်ရှိနေဦးမှာပါ။ ဆိုတော့ နေမာ ဘာစီလိုနာအသင်းကို ပြန်သွားဖို့ထက်စာရင် မက်ဆီက ဘာစီလိုနာကနေ သူရဲ့အသင်းဖော်ဟောင်း နေမာရှိတဲ့ ပီအက်စ်ဂျီအသင်းဆီကို ရောက်လာဖို့ကပဲ ပိုတောင်လွယ်ကူနေဦးမယ်။ မက်ဆီတို့ ရော်နယ်ဒိုတို့သာပဲ ဒီအသင်းဆီကို ရောက်လာနိုင်ပါလိမ့်မယ်။ နေမာက ဆက်ရှိနေမှာပါ။ ကျွန်တော်အတည်ပြောတာ။ ကာတာစီးပွားရေးအင်အားစုအပေါ် ခင်ဗျားတို့တွေ လုံးဝသံသယမဝင်နိုင်ဘူး။ သူတို့က စီးပွားရေးတောင့်တင်းပြီးသား” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။