MySport Myanmar

ဆန်းတို့စ်အသင်းဆီ မပြန်ဘဲ အယ်လ်ဟီလာမှာသာ ဆက်ရှိသွားမယ့် နေမာ

ဆော်ဒီပရိုလိဂ် ထိပ်တန်းကလပ် အယ်လ်ဟီလာအသင်းရဲ့ ဘရာဇီးလ် စူပါစတား တိုက်စစ်ကစားသမား နေမာဟာ လတ်တလောမှာ သတင်းတွေ ထွက်ပေါ်နေတဲ့အတိုင်း သူ့အသင်းဟောင်း ဆန်းတို့စ်အသင်းဆီ ပြန်သွားမှာ မဟုတ်ဘဲ အယ်လ်ဟီလာမှာသာ ဆက်ရှိနေမယ်လို့ နေမာရဲ့အေးဂျင့် ဇဟာဗီက ပြောဆိုလိုက်ပါတယ်။

အသက် (၃၂)နှစ်အရွယ် ကစားသမား နေမာဟာ သူရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို မွေးရပ်မြေက ဘရာဇီးလ်ကလပ် ဆန်းတို့စ်အသင်းမှာ စတင်ခဲ့တာဖြစ်ပြီး ဆန်းတို့စ်အတွက် (၄)နှစ်ကြာအထိ ပါဝင်ကစားခဲ့ပြီးမှ အဲ့ဒီကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

Photo Credit : TEAMtalk

လက်ရှိမှာတော့ နေမာက ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းဆီ ရောက်ရှိနေပေမယ့် ဒဏ်ရာတွေ မကြာခဏ ရနေတာကြောင့် အသင်းဘက်က နေမာနဲ့ စာချုပ်ဖျက်သိမ်းအထိတောင် စဉ်းစားနေတယ်ဆိုတဲ့ သတင်းတွေ အတော်လေး ထွက်ပေါ်နေသလို နေမာကလည်း သူ့အသင်းဟောင်း ဆန်းတို့စ်ဆီ ပြန်သွားဖွယ် ရှိနေတယ်ဆိုတဲ့ သတင်းတွေပါ ထွက်လာခဲ့ပါတယ်။

ဒါပေမယ့် ဒီသတင်းတွေကို နေမာရဲ့ အေးဂျင့်ဖြစ်သူ ဇဟာဗီက ငြင်းဆိုလိုက်ပြီး နေမာက အယ်လ်ဟီလာအသင်းမှာသာ ဆက်ရှိနေမယ်လို့ တုံ့ပြန်လိုက်ပါတယ်။ “နေမာက အယ်လ်ဟီလာအသင်းကနေ ထွက်ခွာဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတာမျိုး မရှိပါဘူး။ သူက ဒီအသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးပြီးတော့ ဒီအသင်းမှာလည်း သူ ပျော်ရွှင်နေပါတယ်။”

Photo Credit : CNN

“နောက်ပြီးတော့ နေမာရဲ့ အနာဂတ် ကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်တော်နဲ့ နေမာရဲ့ ဖခင်တို့ကပဲ ပြောဆိုနိုင်ကြတဲ့ သူတွေပါ။ ဒါကြောင့် မကြာသေးခင်ကမှ ထွက်ပေါ်နေတဲ့ ကောလဟာလ သတင်းတွေက ဘယ်ကနေ ဘယ်လို ထွက်ပေါ်လာသလဲဆိုတာ ကျွန်တော် မသိပါဘူး။” လို့ အေးဂျင့် ဇဟာဗီက ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

ဒါပေမယ့် နေမာနဲ့ ဆန်းတို့စ်အသင်းတို့အကြောင်းကို အခိုင်အမာ ဖော်ပြခဲ့တဲ့ ဆီဆာ လူးဝစ် မာလိုဆိုသူကတော့ သူဖော်ပြထားတဲ့ သတင်းအကြောင်းအရာနဲ့ ပတ်သက်ပြီး နေမာရဲ့အေးဂျင့်က ပယ်ချခဲ့ပေမယ့် သူကတော့ သူ့သတင်းအပေါ် အပြည့်အဝ ယုံကြည်စိတ်ချမှု ရှိတယ်လို့ ပြန်လည် တုံ့ပြန်ထားခဲ့ပါတယ်။

Exit mobile version