ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီကနေ ရောင်းထုတ်ခံရဖို့ နီးစပ်နေတဲ့ ဘရာဇီးလ် ကြယ်ပွင့် တိုက်စစ်မှူး နေမာကတော့ ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်ဖလား အရယူဖို့ ဆုံးဖြတ်ထားတာကြောင့် အသင်းကနေ မထွက်ခွာလိုသေးကြောင်း နေမာနဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပီအက်စ်ဂျီက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ စောစောစီးစီး လှည့်ပြန်ခဲ့ရတာကြောင့် ပီအက်စ်ဂျီ ဥက္ကဌ အယ်ခါလိုင်ဖီက အသင်းကို အစကနေ ပြန်လည် တည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့ပြီး အသင်းရဲ့ ကိစ္စအဝဝကို စီမံ ဆောင်ရွက်ခဲ့တဲ့ အားကစားဒါရိုက်တာ လီယိုနာဒိုကို ရာထူးကနေ ထုတ်ပယ်ခဲ့ကာ မိုနာကိုရဲ့ ပဲ့ကိုင်ရှင်ဟောင်း ကန်ပို့စ်ကို အားကစားဒါရိုက်တာ အသစ် အဖြစ် ခန့်အပ်ကာ ပရောဂျက်အသစ် တခု ဖန်တီးဖို့ စီစဉ်ထားပါတယ်။

Photo Credit: Metro

အားကစားဒါရိုက်တာသစ် ကန်ပို့စ်ရဲ့ လက်အောက်မှာတော့ ပီအက်စ်ဂျီက အသင်းရဲ့ လုပ်ခလစာမြင့် ကစားသမား အတော်များများကို ရောင်းထုတ်ကာ လုပ်ခလစာ နည်းပါးပြီး အသင်းအတွက် ပေးဆပ် ကစားမယ့် လူငယ်ခြေတက် ကစားသမား အများအပြားကို ခေါ်ယူဖို့ ဆုံးဖြတ်ထားကာ နေမာအပါအဝင် ပီအက်စ်ဂျီရဲ့ ကြယ်ပွင့် ကစားသမား အများစုဟာ အသင်းကို လက်ပြ နှုတ်ဆက်ရနိုင်ချေ ရှိနေပါတယ်။

ပီအက်စ်ဂျီ ဥက္ကဌ အယ်ခါလိုင်ဖီကလည်း မကြာသေးမီကမှ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ နေမာရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး တိကျရေရာတဲ့ အရာတခုကို ပြောဆိုနိုင်ခြင်း မရှိသေးကြောင်းနဲ့ သူတို့အသင်းက ကြယ်ပွင့်တွေထက် အသင်းအတွက် ရာနှုန်းပြည့် ပေးဆပ် ကစားမယ့် ကစားသမားတွေကိုသာ နေရာပေးတော့မယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Metro

ဒါကြောင့် နေမာဟာ မကြာခင်မှာ ပီအက်စ်ဂျီကို စွန့်ခွာရတော့မယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီး နေမာနဲ့ နီးစပ်တဲ့ အေးဂျင့်တဦး ဖြစ်သူ ဝက်ဂ်နာကတော့ နေမာဟာ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ မစဉ်းစားသေးကြောင်းနဲ့ ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်ဖလား အရယူဖို့က နေမာရဲ့ အဓိက ရည်မှန်းချက် ဖြစ်ကြောင်း ဆိုလာပါတယ်။

ဝက်ဂ်နာက – “နေမာမှာ ပီအက်စ်ဂျီနဲ့အတူ ချန်ပီယံလိဂ်ဖလား အရယူမယ် ဆိုတဲ့ အိမ်မက် ရှိပါတယ်။ အခုချိန်မှာ သူက ပီအက်စ်ဂျီနဲ့ လမ်းခွဲတော့မယ် ဆိုတဲ့ ကောလဟာလ သတင်းတွေ ထွက်ပေါ်နေပေမယ့် နေမာကတော့ ပီအက်စ်ဂျီမှာပဲ ဆက်လက် ကစားဖို့ စိတ်အားထက်သန်နေပါတယ်။ သူက သူ့ရဲ့ အိမ်မက် မပြီးဆုံးခင်အထိ ပီအက်စ်ဂျီကနေ ထွက်မသွားပါဘူး” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။