ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းနဲ့ ဘရာဇီးလ်အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး နေမာဟာ ဘရာဇီးလ်အသင်းက ကိုလံဘီယာအသင်းကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပေါင်ဒဏ်ရာ ရရှိခဲ့တာကြောင့် မနက်ဖြန်မှာ ယှဉ်ပြိုင် ကစားမယ့် အာဂျင်တီးနားနဲ့ ဘရာဇီးလ်တို့ရဲ့ ပွဲစဉ်ကို လွဲချော်မယ်လို့ ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်က ယနေ့မနက်ပိုင်းမှာပဲ တရားဝင် ထုတ်ပြန် ကြေညာသွားပါတယ်။

အသက် ၂၉နှစ် အရွယ် ဘရာဇီးလ်အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူး နေမာဟာ ဒဏ်ရာတွေကြောင့် ယခုနှစ် ဘောလုံးရာသီမှာ ပွဲစဉ်အနည်းငယ်သာ ပါဝင် ကစားထားသူ ဖြစ်ပြီး ယခုလို ပေါင်ဒဏ်ရာကြောင့် ထပ်မံ အနားယူရတော့မယ့် အခြေအနေဟာ သူ့အတွက်တော့ စိတ်ပျက်စရာကောင်းတဲ့ သတင်းဆိုး တခုပါပဲ။

Photo Credit: AS English

နေမာဟာ ဘရာဇီးလ်အသင်းက ကိုလံဘီယာအသင်းကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပွဲချိန်ပြည့် ပါဝင် ကစားခဲ့သလို ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းရဲ့ တလုံးထဲသော အနိုင်ဂိုး ဖြစ်တဲ့ ပါကွေတာရဲ့ သွင်းဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့ပါတယ်။

ကိုလံဘီယာအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ နေမာရဲ့ ကြံ့ခိုင်မှုက အကောင်းဆုံး ပုံစံမှာ ရှိနေခဲ့ပေမယ့် အာဂျင်တီးနားအသင်းနဲ့ ကစားရမယ့် ပွဲစဉ် အတွက် လေ့ကျင့်ခန်း အစီအစဉ် တချို့ ပြုလုပ်ခဲ့ရာမှာတော့ ဘယ်ဘက် ပေါင်ဒဏ်ရာ ရရှိခဲ့ပြီး ရက်သတ္တပတ် အနည်းငယ် အနားယူရဖွယ် ရှိကြောင်း ဘရာဇီးလ် အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

Photo Credit: AS English

ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်က နေမာရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သတ်ပြီး ထုတ်ပြန်ခဲ့တဲ့ ကြေညာချက် မှာတော့ “ဒီနေ့မနက် ပါးမီးယပ်စ် အကယ်ဒမီမှာ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဉ် အပြီးမှာ နေမာက သူ့ရဲ့ ဘယ်ဘက် ပေါင်မှာ နာကျင်မှု တချို့ ရှိနေကြောင်း အသင်းရဲ့ ဆရာဝန်တွေဆီ အသိပေးခဲ့ပါတယ်။ နေမာရဲ့ ဒဏ်ရာ အခြေအနေကို စစ်ဆေးပြီးတဲ့နောက် သူက အာဂျင်တီးနားအသင်းနဲ့ ပွဲစဉ်ကို ပါဝင် ကစားပေးဖို့ ကြံ့ခိုင်မှု မပြည့်ဝကြောင်း တွေ့ရှိရတာကြောင့် သူ့အနေနဲ့ အာဂျင်တီးနားနိုင်ငံဆီ သွားရောက်မယ့် အသင်းနဲ့ အတူ လိုက်ပါနိုင်တော့မှာ မဟုတ်ပါဘူး” လို့ ပါဝင်ပါတယ်။

နေမာဟာ ယခုနှစ် ဘောလုံးရာသီမှာ မိခင်ကလပ် ပီအက်စ်ဂျီအသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ထားနိုင်သူပါ။