ကီလီယန် အမ်ဘာပေလို ကစားသမားမျိုးနဲ့ တစ်သင်းတည်းမှာ အတူတူ တွဲဖက်ကစားရတာက ကပ်ဆိုးတစ်ခုလို ငရဲတစ်ခုလိုပဲလိုု့ ရီးယဲလ်မက်ဒရစ်အသင်းက ဘရာဇီးလ် အသင်းဖော်တွေကို နေမာက သတိပေး စကားပြောဆိုခဲ့ကြောင်း ပြင်သစ် နာမည်ကျော် သတင်းထောက် Cyril Hanouna က သတင်းဖော်ပြလာခဲ့ပါတယ်။

ဘရာဇီးလ် စူပါစတား တိုက်စစ်ကစားသမား နေမာဟာ ပြင်သစ် စူပါစတား တိုက်စစ်ကစားသမား ဘာပေနဲ့အတူ ပီအက်စ်ဂျီအသင်းမှာ ၂၀၁၇ကနေ ၂၀၂၃ခုနှစ်အထိ (၆)နှစ်ကြာ တွဲဖက်ကစားခဲ့ဖူးပြီး ဒီလောက်အထိ နှစ်ကာလကြာအောင် အတူကစားခဲ့ပေမယ့် ကစားသမားနှစ်ဦးက ဆက်ဆံရေးပိုင်းကတော့ အက်ကြောင်းတွေ ရှိနေခဲ့ပါတယ်။

Photo Credit : Goal

၂၀၂၂ခုနှစ် စက်တင်ဘာလောက်ကတည်းက နေမာနဲ့ သူ့ကြားက ဆက်ဆံရေးဟာ သိပ်မကောင်းလှဘူးလို့ ဘာပေကိုယ်တိုင် ဝန်ခံထားခဲ့ဖူးသလို အဲ့ဒီနောက်ပိုင်းကတည်းက နေမာနဲ့ ဘာပေတို့ရဲ့ ဆက်ဆံရေး အခြေအနေဟာလည်း လုံးဝ တိုးတက်မလာတော့ပဲ ဖြစ်ခဲ့ရပါတယ်။

အခုတော့ နေမာက ပြီးခဲ့တဲ့ နွေကပဲ ပီအက်စ်ဂျီကို စွန့်ခွာပြီး ဆော်ဒီ ထိပ်သီးကလပ် အယ်လ်ဟီလာအသင်းဆီ ပြောင်းရွှေ့ထားခဲ့ပြီ ဖြစ်သလိုု ဘာပေကတော့ ဒီနွေမှာပဲ ပီအက်စ်ဂျီကနေ ရီးယဲလ်မက်ဒရစ်အသင်းဆီကို အလွတ်နဲ့ ပြောင်းရွှေ့ထားခဲ့ပါတယ်။

Photo Credit : Goal

ရီးယဲလ်မက်ဒရစ်မှာက နေမာနဲ့ တစ်နိုင်ငံတည်းသားတွေဖြစ်တဲ့ ဗင်နီစီယပ်စ် ရိုဒရီဂို မီလီတာအိုတို့ ရှိနေပြီး ဒီကစားသမားတွေကို ဘာပေနဲ့ ပတ်သက်လို့ နေမာက သတိပေးစကားဆိုခဲ့တယ်လို့ Cyril Hanouna က ဖော်ပြလာခဲ့ပါတယ်။ “ရီးယဲလ်မက်ဒရစ်အသင်းမှာ ကစားနေကြတဲ့ ဘရာဇီးလ် ကစားသမားတွေက နေမာနဲ့ တော်တော် ရင်းနှီးကြတဲ့သူတွေပါ။”

“နေမာနဲ့ ဘာပေတို့ကြားမှာတော့ အဆင်မပြေမှုတွေက အမြဲတမ်း ဖြစ်နေခဲ့ရတယ်။ နေမာက ဘာပေနဲ့ ပတ်သက်ပြီး ရီးယဲလ်က ဘရာဇီးလ် ကစားသမားတွေကို သတိပေးစကားပါ လှမ်းဆိုခဲ့ပါသေးတယ်။ နေမာက ဘာပေနဲ့ တွဲကစားရတာဟာ ကပ်ဆိုးကြီး တစ်ခုလို ဖြစ်ခဲ့ကြောင်းနဲ့ ငရဲတစ်ခုလို ဖြစ်ခဲ့တယ်ဆိုတာတွေကို လှမ်းသတိပေးခဲ့ပါတယ်။” လို့ Cyril Hanouna က Europe 1 မှာ ပြောဆိုသွားခဲ့ပါတယ်။