ယနေ့မနက် ၁နာရီခွဲအချိန်မှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ အတ္တလန်တာအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ်မှာတော့ ပီအက်စ်ဂျီအသင်းဟာ မိနစ်၉၀ပြည့်ပြီး နောက်ပိုင်း သွင်းယူခဲ့တဲ့ သွင်းဂိုး နှစ်ဂိုးကြောင့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို နောက်ဆုံး ၂၅နှစ်အတွင်းမှာ ပထမဦးဆုံး အကြိမ် တက်ရောက် နိုင်ခဲ့တယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်းဟာ လက်ရှိအချိန်မှာ ပြင်သစ်လီဂူးဝမ်းရဲ့ ပြိုင်ဘက်ကင်း အင်အားကြီးမားတဲ့ အသင်း အဖြစ် ရပ်တည်နိုင်နေပေမယ့် ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ကံကောင်းလေ့မရှိပဲ အမြဲတမ်း လိုလို ကွာတားဖိုင်နယ် အဆင့်ကနေ လှည့်ပြန်သွားတတ်ပါတယ်။ ဒါပေမယ့် ယနေ့ မနက်ပွဲစဉ်မှာတော့ ကံကောင်းခြင်းတွေဟာ သူတို့ဘက်မှာ ရှိနေခဲ့ပြီး နောက်ကျချေပဂိုးနဲ့ နောက်ကျအနိုင်ဂိုးတွေ ကြောင့် ဆီမီးဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့တာပါ။

Photo Credit: Evening Standard

ကြားကွင်းမှာ တစ်ကျော့ထဲသာ ယှဉ်ပြိုင် ကစားရတဲ့ ပွဲစဉ် ဖြစ်တာကြောင့် အတ္တလန်တာအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ပွဲစဉ်ဟာ အတော်လေး အကြိတ်အနယ် ရှိခဲ့ပြီး အတ္တလန်တာ အသင်းဘက်က အသင်းရဲ့ အဓိက တိုက်စစ်မှူး အီလီဆစ် မပါဝင်နိုင်တဲ့ အခြေအနေ မှာတောင် ပီအက်စ်ဂျီအသင်းရဲ့ ခံစစ်ပိုင်းကို ဖိအားပေးနိုင်ခဲ့ကာ ပွဲချိန် ၂၇မိနစ်မှာကတည်းက ဦးဆောင်ဂိုး ရရှိခဲ့ပြီး တောင်ပံ ကစားသမား ပါစလစ်က သွင်းယူ ပေးခဲ့တာပါ။ ပီအက်စ်ဂျီအသင်းဘက် ကတော့ ပွဲချိန် ပထမပိုင်းမှာ အမ်ဘာပေ မပါဝင်နိုင်သေးတာကြောင့် နေမာတစ်ဦးတည်းသာ ရုန်းကန် ကစားခဲ့ရပြီး အမ်ဘာပေ ဝင်ရောက်လာတဲ့ ပွဲချိန် မိနစ်၆၀မှ စတင်ကာ ပွဲဟာ ပီအက်စ်ဂျီအသင်းရဲ့ လက်ထဲကို ရောက်ရှိ သွားခဲ့ပါတယ်။

Photo Credit: Evening Standard

အတ္တလန်တာအသင်းဘက် ကတော့ ပထမပိုင်းမှာ သွင်းယူထားတဲ့ ဦးဆောင်ဂိုးကြောင့် ဒုတိယပိုင်းမှာတော့ ခံစစ်ပိုင်းကိုသာ ဦးစားပေး ကစားခဲ့ပြီး ရံဖန်ရံခါမှသာ တန်ပြန်တိုက်စစ် ကစားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်း ကတော့ တောက်လျှောက်ဆိုသလို တိုက်စစ်ဆင်မှုတွေ လုပ်ဆောင်ခဲ့ကာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ပွဲချိန်ရဲ့ နောက်ဆုံးမိနစ် အပိုင်းအခြားတွေဟာ ရရှိခဲ့ပြီး ချေပဂိုးကိုတော့ ပွဲချိန် မိနစ်၉၀မှာ မာကွင်ဟိုက သွင်းယူပေးခဲ့ကာ အနိုင်ဂိုးကိုတော့ ပွဲချိန် ၉၃မိနစ်မှာ ချူပိုမော်တင်က သွင်းပေးခဲ့တာပါ။

Photo Credit: Evening Standard

အဆိုပါပွဲစဉ် ပြီးဆုံးသွားတဲ့ အချိန်မှာတော့ ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူး နေမာဟာ ချန်ပီယံလိဂ် ပြိုင်ပွဲအတွင်းမှာ ဆက်ရှိနေသေးတဲ့ ပြိုင်ဘက်အသင်းတွေကို သတိပေးစကားတွေ ပြောဆိုသွားခဲ့ပါတယ်။ နေမာက ” ကျွန်တော်တို့ ထွက်သွားရလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးပါဘူး။ အခုချိန်မှာ ကျွန်တော်တို့ဟာ ဗိုလ်လုပွဲဆီ ရောက်ရှိရမယ် ဆိုတဲ့ အတွေးကို ကျွန်တော် တွေးမိနေပြီး ဘယ်အရာကမှ ကျွန်တော့်ကို တားဆီးလို့ မရပါဘူး။ အဲ့ဒါက အရမ်းကို ခက်ခဲပါတယ်။ ကျွန်တော်တို့ဟာ ကောင်းတဲ့ အတွေ့အကြုံတွေကို အတူတူ ရရှိခဲ့ကြတယ်။ ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ အသင်း ရှိတယ်။ ကျွန်တော်တို့အားလုံးဟာ မိသားစုလိုပဲ။ ဒါ့ကြောင့် ကျွန်တော်တို့တွေ ပြိုင်ပွဲကနေ ထွက်ခွာသွားရမယ် ဆိုတာဟာ လုံးဝ မဖြစ်နိုင်ပါဘူး ” လို့ ပြောကြားသွားခဲ့တာပါ။