ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဖြစ်သူ လာပေါ်တာက အသင်းရဲ့ တိုက်စစ်ကစားသမားဟောင်းဖြစ်တဲ့ နေမာဟာ ပီအက်စ်ဂျီအသင်းကနေ ပြန်လည်ခေါ်ယူဖို့ အသင်းဘက်က ကြိုးပမ်းခဲ့သလို နေမာကိုယ်တိုင်ကလည်း သူရဲ့အသင်းဟောင်း ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့လာဖို့ စိတ်ဆန္ဒရှိခဲ့ဖူးတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ဖူးပြီး အသင်းရဲ့လူငယ်ကစားသမားလေး အန်ဆူဖာတီနဲ့ပတ်သက်ပြီး ထွက်ပေါ်ခဲ့တဲ့ အပြောင်းအရွှေ့သတင်းများစွာကလည်း အလိမ်အညာသာ ဖြစ်တယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Twitter

အသက်(၂၉)နှစ်အရွှယ်ရှိ ဘရာဇီးလ်လက်ရွေးစင် တိုက်စစ်ကစားသမား နေမာဟာ ၂၀၁ရခုနှစ်မှာပဲ လက်ရှိအချိန်ထိ တင်ရှိနေသေးတဲ့ ကမ္ဘာ့စံချိန်ပြောင်းရွှေ့ကြေးတစ်ရပ်အဖြစ် ယူရို(၂၂၂)သန်းနဲ့ ဘာစီလိုနာကနေ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး ပြင်သစ်မှာ အခြေမကျသလို ဖြစ်ခဲ့တာကြောင့် နေမာနဲ့ ဘာစီလိုနာအသင်း ပြန်လည်ပေါင်းစည်းတော့မယ်ဆိုပြီး သတင်းတွေ အတော်လေး ထွက်ပေါ်ခဲ့ရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘာစီလိုနာဥက္ကဌ လာပေါ်တာက သူတို့အသင်းအနေနဲ့ နေမာကို ပြန်လည်ရရှိဖို့အတွက် ကြိုးစားခဲ့သလို နေမာကိုယ်တိုင်ကလည်း မက်ဆီနဲ့ ပြန်လည်ပူးပေါင်းဖို့အတွက် ဘာစီလိုနာကို ပြန်လာချင်ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုသွားပါတယ်။

Photo Credit : Inside Sport

လာပေါ်တာက “ဟုတ်ပါတယ်။ ကျွန်တော်တို့တွေ နေမာကို ပြန်လည်ရရှိဖို့အတွက် ကြိုးစားခဲ့ပါသေးတယ်။ သူလည်း ကျွန်တော်တို့ကို ဆက်သွယ်လာတယ်။ ဒီကို ပြန်လာချင်တယ်လို့လည်း ပြောဆိုပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ နေမာဟာ ဘာစီလိုနာကို ပြန်လည်ပြောင်းရွှေ့လာခြင်း မရှိတဲ့အပြင် ပီအက်စ်ဂျီအသင်းနဲ့ပါ ၂၀၂၅ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ်ကိုသာ ချုပ်ဆိုသွားခဲ့သလို အခုဆိုရင်လည်း သူရဲ့အသင်းဖော်ဟောင်းဖြစ်တဲ့ လီယွန်နယ်မက်ဆီကပါ ပီအက်စ်ဂျီအသင်းဆီကို ရောက်ရှိလာပြီဖြစ်လို့ နေမာအနေနဲ့ အသင်းဟောင်းဆီ ပြန်သွားဖို့က ဖြစ်နိုင်ခြေမရှိသလောက်ကို နည်းသွားခဲ့ရပါတယ်။ နေမာရဲ့အကြောင်းတွေအပြင် မက်ဆီရဲ့ ကျောနံပါတ်(၁၀)ကို ဆက်ခံရယူထားတဲ့ လူငယ်တိုက်စစ်ကစားသမားလေး အန်ဆူဖာတီနဲ့ပတ်သက်ပြီး ထွက်ပေါ်လျက်ရှိနေတဲ့ အပြောင်းအရွှေ့သတင်းတွေအားလုံးဟာ အလိမ်အညာတွေသာဖြစ်သလို အရည်အသွေးမြင့်မားတဲ့ ဖာတီလို ကစားသမားမျိုးကိုလည်း အသင်းကနေ လုံးဝ ရောင်းချမှာ မဟုတ်ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။