ပြင်သစ် အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနဲ့ ဘရာဇီးလ် လက်ရွေးစင်အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး နေမာကတော့ ယခုနှစ် ကိုပါအမေရိကဖလား ဗိုလ်လုပွဲမှာ သူ့ရဲ့ မိတ်ဆွေရင်း တဦး ဖြစ်သူ မက်ဆီရဲ့ အာဂျင်တီးနားအသင်းနဲ့ လာရောက် တွေ့ဆုံနေတဲ့ အတွက် ကျေနပ်မိကြောင်းနဲ့ မက်ဆီရဲ့ အာဂျင်တီးနားကို အနိုင်ရချင်ကြောင်း ဆိုသွားပါတယ်။

နေမာရဲ့ ဘရာဇီးလ်အသင်းဟာ သူတို့ရဲ့ ၁၀ကြိမ်မြောက် ကိုပါအမေရိကဖလားကို အရယူဖို့ ဆုံးဖြတ်ထားသလို မက်ဆီ ဦးဆောင်လာတဲ့ အာဂျင်တီးနားအသင်းကလည်း ၂၈နှစ်ကြာ ကိုပါအမေရိကဖလား အောင်ပွဲနဲ့ ဝေးကွာနေတဲ့ အခြေအနေဆိုးကို အဆုံးသတ်ဖို့ ပြင်ဆင်ထားကြပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ ဘရာဇီးလ်အသင်းနဲ့ အာဂျင်တီးနာအသင်းတို့ ရင်ဆိုင် ကစားကြမယ့် ကိုပါအမေရိက ဗိုလ်လုပွဲဟာ နောက်ဆုံး ကစားခဲ့တဲ့ ကိုပါအမေရိက ဗိုလ်လုပွဲတွေ အနက် အကောင်းဆုံး ပွဲစဉ်တပွဲ ဖြစ်လိမ့်မယ်လို့ တောင်အမေရိက သတင်းထောက်တွေက ရေးသား ဖော်ပြနေကြပြီး နှစ်သင်းစလုံးကလည်း ဆုဖလား အောင်မြင်မှု ရရှိဖို့ အစွမ်းကုန် ကြိုးစားနေကြပါတယ်။

ဘရာဇီးလ်အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ နေမာကတော့ သူ့ရဲ့ အသင်းဖော်ဟောင်း မက်ဆီဟာ သူမြင်ဖူးသမျှ ကစားသမားထဲမှာ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်းနဲ့ ကိုပါအမေရိကဗိုလ်လုပွဲမှာ မက်ဆီ ပါဝင်တဲ့ အာဂျင်တီးနားအသင်းကို အနိုင်ရချင်ကြောင်း ဆိုလာပါတယ်။

Photo Credit: Express

နေမာက – “ကျွန်တော် အမြဲတမ်း ပြောသလိုပါပဲ။ မက်ဆီက ကျွန်တော် မြင်ဖူးသမျှ ကစားသမားတွေထဲမှာ အကောင်းဆုံး ကစားသမားပါ။ ပြီးတော့ သူက အရမ်းကို ခင်ဖို့ ကောင်းတဲ့ မိတ်ဆွေတဦးပါ။ ဒါပေမယ့် ကျွန်တော်တို့က အခုတော့ ဗိုလ်လုပွဲမှာ တွေ့နေကြပါပြီ။ ကျွန်တော်တို့က ပြိုင်ဘက်တွေပါ။ ဒီဗိုလ်လုပွဲကို ကျွန်တော် တကယ် အနိုင်ရချင်ပါတယ်။ ဒါက ကျွန်တော့်ရဲ့ ပထမဦးဆုံး ကိုပါအမေရိကဖလားလည်း ဖြစ်လာနိုင်ပါတယ်။ မက်ဆီကလည်း သူ့ရဲ့ နိုင်ငံအသင်းနဲ့ ပထမဦးဆုံး ဆုဖလားကို အရယူနိုင်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် ဘရာဇီးလ်အသင်း ပြိုင်ပွဲမှာ မရှိတော့တိုင်း ကျွန်တော်က အာဂျင်တီးနားကို အားပေးခဲ့ပါတယ်။ ၂၀၁၄ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမဏီနဲ့ တွေ့တုန်းကလည်း ကျွန်တော် အာဂျင်တီးနားအသင်းကို အားပေးခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ဘရာဇီးလ်အသင်းက ဗိုလ်လုပွဲ ရောက်နေပါပြီ။ ဒီတော့ ကျွန်တော်တို့ရဲ့ သံယောဇဉ်တွေကို ခဏလေး ဘေးဖယ်ထားရပါမယ်” လို့ ပြောကြား သွားခဲ့တာပါ။