ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘရာဇီးလ်အသင်းနဲ့ ပီရူးအသင်းတို့ရဲ့ ကိုပါအမေရိကပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ အိမ်ရှင် ဘရာဇီးလ်အသင်းဟာ ကွင်းလယ်လူ ပါကွေတာရဲ့ တလုံးတည်းသော သွင်းဂိုးနဲ့ ပီရူးအသင်းကို အနိုင်ရကာ ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့ပါတယ်။

နာမည်ကျော် ရီယိုဒီဂျနေးရိုးမြို့ရဲ့ Estadio Nilton Santos ကွင်းထဲမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ဘရာဇီးလ်အသင်းဟာ ပီရူးအသင်းကို ပွဲချိန် အတော်များများမှာ ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် သွင်းဂိုးတွေ များများစားစား ရရှိခြင်း မရှိပဲ ပွဲကစားချိန် ၃၅မိနစ်မှာ နေမာရဲ့ ပေးပို့မှုကနေ တဆင့် ကွင်းလယ်လူ ပါကွေတာက သွင်းယူပေးခဲ့တဲ့ တလုံးတည်းသော သွင်းဂိုးနဲ့သာ ပွဲကို အနိုင်ရခဲ့တာပါ။

Photo Credit: Metro

ကိုပါအမေရိကပြိုင်ပွဲ ဗိုလ်လုပွဲမှာတော့ ဘရာဇီးလ်အသင်းဟာ အာဂျင်တီးနာအသင်းနဲ့ ကိုလံဘီယာအသင်းတို့ ပွဲစဉ်မှာ အနိုင်ရရှိတဲ့ အသင်းနဲ့ ရင်ဆိုင် ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဘရာဇီးလ်အသင်းရဲ့ အဓိက တိုက်စစ်မှူး နေမာ ကတော့ ကိုပါအမေရိကပြိုင်ပွဲ ဗိုလ်လုပွဲမှာ သူ့ရဲ့ အသင်းဖော်ဟောင်း မက်ဆီ ဦးဆောင်လာမယ့် အာဂျင်တီးနားနဲ့ ရင်ဆိုင် ကစားချင်ကြောင်း ဆိုလာပါတယ်။

နေမာနဲ့ မက်ဆီတို့ဟာ လက်ရှိ ကိုပါအမေရိကပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားတွေ အဖြစ် အသီးသီး ခြေစွမ်းပြထားနိုင်သူတွေ ဖြစ်ပြီး နေမာဟာ ဘရာဇီးလ်အသင်း အတွက် ၅ပွဲ ပါဝင် ကစားပြီးချိန်မှာ သွင်းဂိုး ၃ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ထားနိုင်ခဲ့ကာ မက်ဆီကလည်း အာဂျင်တီးနားအသင်း အတွက် ၅ပွဲ ပါဝင် ကစားပေးထားချိန်မှာ သွင်းဂိုး ၄ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Metro

အာဂျင်တီးနားအသင်းနဲ့ ကိုလံဘီယာအသင်းတို့ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်ကိုတော့ မနက်ဖြန် မနက် ၇နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကစားကြဖို့ ရှိနေကာ အဆိုပါပွဲမှာ အနိုင်ရတဲ့ အသင်းနဲ့ ဘရာဇီးလ်အသင်းတို့ရဲ့ ဗိုလ်လုပွဲကိုတော့ ဇူလိုင်လ ၁၁ရက်နေ့ မနက် ၆နာရီခွဲအချိန်မှာ ယှဉ်ပြိုင် ကစားကြသွားမှာပါ။

အာဂျင်တီးနားအသင်းကို ဗိုလ်လုပွဲ တက်လာစေချင်တဲ့ အကြောင်းကို နေမာက – “ ကျွန်တော်ကတော့ အာဂျင်တီးနားအသင်းကိုပဲ တက်စေချင်ပါတယ်။ ကျွန်တော်က အာဂျင်တီးနားအသင်းနဲ့ ရင်းနှီးတယ်လေ။ အာဂျင်တီးနားအသင်းမှာ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေ ရှိပါတယ်။ ဒါပေမယ့် ဗိုလ်လုပွဲမှာ အနိုင်ရမယ့်အသင်း ကတော့ ဘရာဇီးလ်ပဲ ဖြစ်ပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။